Home
မြန်မာသတင်း
နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ဌာနချုပ်ကို တပ်မတော်က ၀င်ရောက်သိမ်းပိုက်
DVB
·
February 1, 2019
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)ရဲ့  ဌာနချုပ်ကို တပ်မတော်က ဇန်နဝါရီ ၂၉ ရက် မနက် ၁၁ နာရီလောက်မှာ နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး ဝင်ရောက် နေရာယူထားလိုက်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်ယွန်းမြို့နယ်ရှိ တကားကျေးရွာအနီးရှိ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ဌာနချုပ်ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခန္တီးအခြေစိုက်ဗျုဟာက အင်အား ၄၀၀ လောက်နဲ့ ဝင်ရောက်ခဲ့တာလို့  ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောပါတယ်။ “သူတို့က ၂ နာရီလောက် ကြိုပြီးတော့မှ ပြောတယ်။  ကျနော်တို့ဘက်က လက်နက်ကိုင်ထားတဲ့ ၁၀၀ ကျော်ကလည်း ဌာနချုပ်ကနေ ရှောင်ပေးလိုက်တာပါ။ ပစ်ခတ်တာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က တိုင်းအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ယူထားတာကို မဖျက်ချင်ဘူး။ ပြည်သူတွေကတော့ အထိတ်တလန့်ဖြစ်တာတော့ ရှိတာပေါ့။ ဒါနဲ့ပတ်သက်ပြီး NRPC တို့၊ ကာချုပ်တို့ကိုလည်း အကြောင်းကြားသွားမယ်။” အိန္ဒိယနိုင်ငံဘက်က သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့တွေ နာဂဒေသကို ဝင်ရောက် ခြေကုပ်ယူနေတာကို နှစ်နိုင်ငံသဘောတူညီချက်အရ အစိုးရစစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာလို့ သိရပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ NSCN-K စစ်စခန်းတွေ  မီးရှို့ခံရတာ အရင်က အကြိမ်ကြိမ်ရှိခဲ့ပြီး အခုလည်း အိမ် ၅ လုံးကို မီးရှို့ခံရတယ်လို့ သတင်းကြားရကြောင်း ဦးကျော်ဝမ်းစိန်က ပြောပါတယ်။ ဒါ့အပြင် လဟယ်မြို့နယ်ကနေ ဒုံဟီးမြို့နယ်အထိ တနေရာမှာ အင်အား ၃၀၊ ၄၀ နဲ့ တပ်က နေရာယူနေတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ တကားကျေးရွာမှာ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး တပ်မတော်တပ်ရင်း တရင်း NSCN-K ဌာနချုပ်နဲ့ ၂ ဖာလုံလောက်အကွာမှာ လာရောက်အခြေချနေတာ ရှိခဲ့ဖူးပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရရုံးကို သွားရောက်မေးမြန်းခဲ့ပေမယ့် တပ်ကလုပ်တာဖြစ်လို့ မသိဘူးလို့ ဆိုပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး သန်းနိုင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဒီကိစ္စ တာဝန်ခံ ဖြေကြားပေးခဲ့ခြင်း မရှိပါဘူး။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနဲ့ ၂၀၁၂ ဧပြီလကတည်းက တိုင်းအဆင့် အပစ်ရပ်စဲဖို့ သဘောတူထားတာဖြစ်ပြီး အပစ်ရပ်ပြီး ၆ နှစ်ကျော် ၇ နှစ်အတွင်းမှာ ဌာနချုပ်ကို အင်အားသုံး ဝင်ရောက် သိမ်းပိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဟာ  တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှု ရက်ပေါင်း ၁၂၀ ရပ်ဆိုင်းထားတဲ့ စစ်ဒေသတွေထဲမှာ တခုအပါအ၀င် ဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024