DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးနေ့ကို အဟန့်အတားကြားက နိုင်ငံတ၀န်းကျင်းပ
DVB
·
September 21, 2012
ငြိမ်းချမ်းရေးနေ့ကို အဟန့်အတားကြားက နိုင်ငံတ၀န်းကျင်းပ
Donate to DVB

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို မြန်မာနိုင်ငံတွင်း နေရာတော်များများမှာ ချီတက်ဆန္ဒဖော်ထုတ်ပွဲတွေ ကျင်းပကြပြီး တချို့နေရာတွေမှာ ဟန့်တားမှုတွေ ရှိခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့  ရန်ကုန်မြို့ ဆူးလေဘုရား အနီး မြို့တော်ခန်းမရှေ့ကနေ စတင်ချီတက်ပြီး နေခင်းပိုင်း အင်းယားကန်ဘောင်ရှိ တံတားဖြူမှာ အခမ်းအနားကျင်းပခဲ့ကြပါတယ်။

ဒီချီတက်ပွဲမှာ ငြိမ်းချမ်းရေးလိုလားသူပေါင်း  ၇၀၀ လောက်က တနိုင်ငံလုံးအပစ်ရပ်ဆိုတဲ့ အင်္ကျီအပြာ ဆင်တူဝတ်ဆင်ပြီး ‘တရားမျှတမှ ငြိမ်းချမ်းမှု ထာဝရ’ ဆိုတဲ့  ပိုစတာကိုယ်စီကိုင်ဆောင်ပြီး ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာ ဒေသခံ ပြည်သူတွေ ပါဝင်ပူးပေါင်းလာပြီး လူ ၅ ထောင်လောက်အထိ ရှိလာခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က ကိုကျော်ဂုံးက ပြောပါတယ်။

“ငြိမ်းချမ်းရေးနေ့မှာ မြန်မာနိုင်ငံကလူတွေအားလုံး ငြိမ်းချမ်းရေးကို လိုချင်နေကြတယ်။ တဖက်ကလည်း အစိုးရကလည်း လုပ်နေကြတယ်။ ဒါပေမယ့် အခုထိ တိုင်းရင်းသားတွေနဲ့ အဆင်မပြေသေးဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကအစပေါ့လေ။ လူငယ်တွေက ဒါကို အဓိက စပြီးလုပ်သွားတာဟာ ငြိမ်းချမ်းရေးဟာ တတိုင်းပြည်လုံးအတွက် ဘယ်လောက်အရေးကြီးတယ်။ တိုင်းသူပြည်သားတွေ ဘယ်လောက်အထိ ငြိမ်းချမ်းရေးကို လိုချင်နေကြတယ်ဆိုတာက အရေးကြီးဆုံးလို့ထင်တယ်။”

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်ရေးနေ့မှာ   လွှတ်တော်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးရှေ့မှာ  ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလုပ်ဖို့ နေပြည်တော်ကို သွားရောက်ဖို့ ကြိုးစားသူတွေကိုတော့ ဒီမနက် အစောပိုင်းက  နယ်မြေအာဏာပိုင် တွေက တားဆီးပိတ်ပင်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကို တင်ဆောင်မယ့်  ကားတွေကိုလည်း ဖိအားပေးခဲ့တဲ့ အတွက် နေပြည်တော်သွားဖို့ အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရတယ်လို့ ကိုကျော်ဂုံးက ပြောပါတယ်။

“ခွင့်ပြုချက်မပေးနိုင်ဘူးပေါ့။ တကယ်လို့ သွားမယ်ဆိုရင် ဥပဒေကြောင်းအရ အရေးယူမယ်လို့ ပြောပါတယ်။ ကား ၅ စီးကိုလည်း ဖိအားပေးတဲ့အတွက် ကားတွေက ပြန်သွားတော့ သွားဖို့ ကားမရှိဘူးဖြစ်သွားတယ်။ ပြီးတော့ နည်းပေါင်းစုံနဲ့ ဖိအားပေးတဲ့အခါကျတော့ ကျနော်တို့က ဆက်သွားတယ်။ မြေနီကုန်းမှတ်တိုင် အဟောင်းမှာတားတယ် ကျနော်တို့ ဆက်သွားတယ်။ မြေနီကုန်းမှတ်တိုင်အသစ်ရောက်တယ် အဲမှာလည်း ဆက်တားတယ်။ နောက်ဆုံး ပြည်သူ့ရင်ပြင်ရောက်တယ်. အဲမှာ ငြိမ်းချမ်းရေး သီချင်းတွေဆိုကြတယ်။ ငြိမ်းချမ်းရေးဆုတွေ တောင်းကြတယ်။ သူတို့က ၇ နာရီအတွင်း လူခွဲပေးဖို့ အမြန်ပြန်ကြဖို့ ပြောခဲ့ပါတယ်။”

အလားတူ မန္တလေးတိုင်း မိတ္ထီလာမြို့မှာလည်း ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အနေနဲ့ လူငယ်တွေက ဦးဆောင်ကျင်းပကြတယ်လို့ မိတ္ထီလာမြို့ခံ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

“ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအခက်အခဲတွေ၊ ဒုက္ခဆင်းရဲရောက်နေတာတွေ၊ စစ်ပွဲမှာကြွေလွင့်သွားတဲ့၊ အသက်အိုးအိမ်မဲ့သွားတဲ့၊ အမိမဲ့မဖမဲ့ဖြစ်သွားတဲ့ ဒုက္ခမျိုးစုံရင်ဆိုင်နေရတဲ့ သားသည်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ စစ်ပွဲများ ရပ်တန့်ဖို့ ငြိမ်းချမ်းစွာဆုတောင်းကြမယ်ဆိုပြီး စာရွက်တွေလိုက်ဝေပါတယ်။”

ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဒေသခံ လူငယ် ၂၀၀ လောက်က ပထမဆုံးအကြိမ် ဆင်နွှဲခဲ့ကြပါတယ်။

ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာလည်း ကရင်အမျိုးသားအစည်းအရုံးက ကချင်ပြည်နယ်အတွင်း ထိုးစစ်ကို ချက်ချင်းရပ်တန့်ဖို့ သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်း တောင်းဆိုထားပါသေးတယ်။

ကုလသမဂ္ဂက  စက်တင်ဘာ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အဖြစ် ၂၀၀၁ ခုနှစ်မှာ စတင် သတ်မှတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာတော့ ဒီနှစ်ကပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာကြတာပါ။

 

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013