ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တုကန့်ကွက်သူများ ဖမ်းဆီး တရားစွဲခံရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံမှာ  ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တု စိုက်ထူတဲ့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကရင်နီလူငယ်တွေထဲက ဦးဆောင်သူ ၇ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲလိုက်ပါတယ်။ တရားစွဲခံရသူတွေကတော့ ကိုကျော်ထင်အောင်၊ ဒီးဒီ (ခ) စစ်မုန်း၊ ကိုမျိုးလှိုင်ဝင်း၊ ခွန်းသောမတ်စ်၊ ရီးရယ်၊ ဂူဂူးနဲ့ စတာနီတူးတူးတို့ ဖြစ်ကြပြီး လတ်တလောမှာ သူတို့ ၇ ဦးကို လွိုင်ကော်မြို့မရဲစခန်းမှာ စစ်ဆေးမေးမြန်းနေပါတယ်။ ရဲစခန်းမှာရောက်ရှိနေတဲ့ ဒီဒီ (ခ) စစ်မုန်းက “ကျနော်တို့ အခုရဲစခန်းရောက်နေတယ်။  ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးမှ ရဲစခန်းခေါ်ထားတာ” လို့ ပြောပါတယ်။ ဒီလို လူငယ် ၇ ဦး ရဲစခန်းမှာ ဖြေရှင်းနေရချိန်မှာ ဗိုလ်ချုပ် ကြေးရုပ်တု မစိုက်ထူရေး မနေ့ကတည်းက သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ လူငယ်တွေကိုလည်း ရဲတပ်ဖွဲ့က ဖြိုခွင်း ဖမ်းဆီးလိုက်ပါတယ်။ သပိတ်စခန်း ဖြိုခွင်းဖမ်းဆီခံရတဲ့ လူငယ် ၁၅ ဦးရှိနေပြီး လက်ရှိ ခရိုင်တရားရုံးကို ခေါ်ဆောင်သွားပါတယ်။ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တုကို မနေ့က စိုက်ထူဖို့ လုပ်ဆောင်နေရာမှာ ကရင်နီလူငယ်တွေက မစိုက်ထူဖို့ ကန့်ကွက်ဆန္ဒပြခဲ့ကြသလို မနေ့ညကလည်း သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အာဏာပိုင်တွေကတော့ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားကပဲ ဗိုလ်ချုပ်ကြေးရုပ်တုကို မနေ့က အုတ်ခုံပေါ်ကို တင်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ခုလို ဗိုလ်ချုပ်ရုပ်တု စိုက်ထူတဲ့ကိစ္စမှာ ဌာနေ တိုင်းရင်းသားတွေရဲ့ ဆန္ဒမပါဘဲ လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတော် အကြီးအကဲတွေအနေနဲ့ တားဆီးပေးဖို့ ကရင်နီ လူငယ်တွေက သမ္မတထံလိပ်မူပြီး တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up