Home
မြန်မာသတင်း
တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရသေးဟု ကေအန်ယူ စစ်ဦးစီးချုပ်ပြော
အောင်သူ
·
January 31, 2019
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတာ ၇ နှစ်ရှိပြီဖြစ်ပေမယ့် တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ဘာ တခုမှ မရသေးဘူးလို့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောကြားလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းရုံး (ကေအန်ယူ) ဗဟိုဌာနချုပ် ဘားအံခရိုင်၊ ကလိုယော်လေးမှာ  ဒီကနေ့ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ နှစ် (၇၀)ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပြောသွားတာပါ။ “အခုဟာက အပစ်ရပ်ထားတာ ၇ နှစ်ရှိပြီ။ ကျနော်တို့ လိုချင်တဲ့ တန်းတူအခွင့်အရေးတို့၊ ”ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ဘာတခုမှ မရဘူး။ ဒါပေမယ့် သွားလာတာ ရန်ကုန်ပဲသွားသွား၊ ဘယ်ပဲ သွားသွား ဒါတခုပဲ ရတယ်။ ဒါပေမယ့် အရေးကြီးတဲ့ အခွင့်အရေးဘာမှမရဘူး။ ” တပ်မတော်တခုတည်း ရှိရမယ်ဆိုတာကို မူအရ လက်ခံပေမယ့် ဆွေးနွေးဖို့ လိုသေးလို့လည်း ပြောသွားပါတယ်။ “တပ်မတော်တခုထဲ ရှိရမယ်ဆိုတာ ကျနော်တို့ လက်ခံပါတယ်။  မူအရ သဘောတူတယ်။ ဒီမူရှိရင် ဒီပြည်ထဲမှာ လုံးဝ တိုက်ပွဲမရှိတော့ဘူး။ ပြည်တွင်းစစ်မရှိတော့ဘူးဆိုရင် တပ်မတော် တရပ်ကျနော်တို့ လက်ခံမယ်။ ဒါက ကျနော်တို့ ဆွေးနွေးရမယ်။ မဆွေးနွေးပဲ အခု ဗမာပြည်မှာ တပ်မတော်တရပ်ဆိုတော့ အခု လက်မှတ်ထိုးတာ ၁၀ ဖွဲ့ရှိတယ်မဟုတ်လား။ မြောက်ပိုင်းမှာ ဘယ်နှစ်ဖွဲ့ကျန်သေးလဲ။ ၂၀၂၀ မှာ ပြည်တွင်းငြိမ်းချမ်းရေးရမလား။” တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကို နောက်မဆုတ်ပဲ မြန်မာပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဆက်လက်နည်းလမ်းရှာသွားမယ်လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီက ပြောပါတယ်။ ဒါ့အပြင် ခွဲထွက်ရေးသဘောထားပေါ်မှာလည်း သူက “ဘယ်လိုခွဲထွက်မလဲ။   အုပ်ချုပ်တဲ့ လူက တကယ်လို့ တန်းတူ အခွင့်အရေးပေးတယ်ဆိုရင် ကျနော်တို့က  ခွဲထွက်ပြီး ဘယ်မှာ သွားနေမလဲ ဒို့က။ ဟို့ကောင်းကင်ပေါ်မှာလား။ အုပ်ချုပ်တဲ့သူက ဒီတိုင်းရင်းသားမခွဲထွက်အောင် ဘယ်သူ့တာဝန်လဲ။ တကယ်လို့ အုပ်ချုပ်တဲ့လူက တန်းတူအခွင့်အရေးပဲဆိုရင် ဗမာပြည်မှာ ဘယ်တော့မှ ပြည်တွင်းစစ်မဖြစ်တော့ဘူး။ တန်းတူ အခွင့်အရေးပဲ မဟုတ်လား။ ” ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကတော့  ဖွဲ့စည်းပုံအခြေခံဥပဒေ လွှတ်တော်ပြင်ဆင်မယ့်အပေါ် ခုလို သဘောထားမှတ်ချက်ပေးပါတယ်။ “တကယ်လို့ သူအကုန်လုံးပြင်နိုင်လို့ရှိရင် ကျနော်တို့အတွက် လုပ်စရာမရှိတော့ ပိုကောင်း တာပေါ့။ သူ့မှာဆန္ဒရှိတယ် သူပြင်နိုင်လို့ရှိရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် သူပြင်နိုင်တဲ့ အတိုင်းအတာ နှစ်ပိုင်းရှိမယ်လို့ ထင်တယ်။ လွှတ်တော်မှာပြင်နိုင်တဲ့အပိုင်းနဲ့ ဆွေးနွေးပွဲကနေ ပြင်နိုင်တဲ့အပိုင်း ရှိတာပေါ့နော်။ ” ဒီနေ့ကျင်းပတဲ့ ကရင့်တော်လှန်ရေးနှစ် ၇၀ပြည့်နေ့ပွဲမှာ ကရင်ပြည်သူတွေ အဖွဲ့အစည်းတွေ၊  ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ပြည်တွင်းပြည်ပက ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ ထောင်ချီတက်ရောက်ခဲ့ပါတယ်။ ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက် မိန့်ခွန်းပြောကြားရာမှာ ကေအန်ယူရဲ့ ငြိမ်းချမ်းရေး ရှေ့ဆက်သွားနိုင်အောင် လက်တွဲခေါ်သွားမှာဖြစ်သလို ဒေသဖွံ့ဖြိုးရေးကိုလည်း ဦးစားပေးအကောင်ထည်ဆောင်သွား မယ်လို့ ပြောသွားပါတယ်။ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)ကို ၁၉၄၉ ဇန်န၀ါရီ ၃၁ ရက်မှာ ဖဆပလအစိုးရက တရားမ၀င်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တဲ့နေ့ကို ကရင်အမျိုးသား ခုခံတော်လှန်ရေးနေ့အဖြစ် နှစ်စဉ် သတ်မှတ်ကျင်းပ တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024