ရန်ကုန် စည်ပင်ရွေးကောက်ပွဲကို ပြည်သူများစောင့်ကြည့်နိုင်အောင်လုပ်ဆောင်မည်
DVB
·
January 31, 2019

ရန်ကုန် စည်ပင်ရွေးကောက်ပွဲကို ပြည်သူတွေကိုယ်တိုင် စောင့်ကြည့်တဲ့ လှုပ်ရှားပုံစံမျိုး လုပ်ဆောင်သွားမယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့ဖြစ်တဲ့ PACE အဖွဲ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ပြောပါတယ်။
တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရန်ကုန်မြို့နေ ပြည်သူတွေ ထိုင်စောင့်ကြည့်တဲ့ပုံစံမျိုး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ စေတနာ့ဝန်ထမ်းအယောက် ၁၀၀ ကျော် လျာထားပြီး ပါဝင်ချင်သူတွေအနေနဲ့ အခြေခံပညာအဆင့် ရှိရမှာဖြစ်ပြီး ပါတီိတခုခုရဲ့ အဖွဲ့ဝင် မဟုတ်တဲ့ လူတွေ လာရောက်လျှောက်ထားနိုင်တယ်လို့ PACE အဖွဲ့ရဲ့ အစီအစဉ် မန်နေဂျာ ကိုဟန်စိုးထွန်းက ပြောပါတယ်။
ရန်ကုန်ရဲ့ လူစည်ကားတဲ့ နေရာတွေမှာ လျှောက်လွှာဖောင်တွေကို လာလျှောက်ထား နိုင်တယ်လို့လည်း ဆိုပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်တဲ့ စေတနာဝန်ထမ်းတွေကို သင်တန်းပေးတာတွေ ပြုလုပ်သွားမယ် လို့လည်း ဆိုပါတယ်။