ဗင်နီဇွဲလား ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုကြောင့် လူ ၄၀ ထက်မနည်း သေဆုံး

ဓာတ်ပုံ - Getty Images
ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေအတွင်း အစိုးရလိုလားတဲ့ တပ်တွေရဲ့ ပစ်ခတ်မှု အပါအဝင် လတ်တလော အကြမ်းဖက်မှုတွေကြောင့် လူအယောက် ၄၀ ထက်မနည်း သေဆုံးတယ်လို့ ယုံကြည်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရ ရူးပတ် ကိုဗီလေက ဇန်နဝါရီ ၂၉ ရက်မှာ ပြောပါတယ်။ လုယက်မှုတွေကြောင့် လူ ၁၁ ဦးနဲ့ အိမ်တွေကို ဝင်စီးနင်းမှုတွေအတွင်း ၅ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီ ၂၁ ရက်ကနေ ၂၆ ရက်အတွင်း အသက် ၁၂ နှစ်အထိငယ်တဲ့ ကလေး ၇၇ ဦး အပါအဝင် လူအယောက် ၈၅၀ ကျော် သေဆုံးတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဆန္ဒပြပွဲ အပြင်းထန်ဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၃ ရက်က ၆၉၆ ဦး အဖမ်းခံရလို့ ဗင်နီဇွဲလားမှာ နှစ် ၂၀ အတွင်း တရက်တည်း လူအများဆုံး အဖမ်းခံရတာလို့ ကိုဗေလီက ပြောပါတယ်။ ဆန္ဒပြပွဲတွေ စကတည်းက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုဟာ နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုတွေရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရတာပါ။ အာဏာကို ဆက်ထိန်းထားနိုင်ရေးအတွက် မာဒူရိုဟာ အကြမ်းဖက် သွေးစွန်းမှုကို အကြောင်းပြနိုင်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး Human Rights Watch က ဇန်နဝါရီ ၂၈ ရက်မှာ သတိပေးပါတယ်။ ဇန်နဝါရီ ၂၃ ရက်က လွှတ်တော်ဥက္ကဋ္ဌနဲ့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွေဒိုဟာ သူ့ကိုယ်သူ ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့ပြီး ၂၀၁၈ မေလ ရွေးကောက်ပွဲမှာ မာဒူရို အနိုင်ရမှုကို အလိမ်အညာလို့လည်း ပြောပါတယ်။ ဟွမ်ဂွေဒိုရဲ့ အကွက်ရွှေ့မှုကို အမေရိကန်၊ ကနေဒါနဲ့ လက်တင်အမေရိကနိုင်ငံ အများအပြားက အသိအမှတ်ပြုခဲ့တာပါ။ ရုရှားနဲ့ တရုတ်ကတော့ မာဒူရိုကို ပံ့ပိုးနေလို့ နိုင်ငံတွင်း အကျပ်အတည်းက ပိုနက်ရှိုင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up