Home
မြန်မာသတင်း
ကွမ်းလုံမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့က ရွာသား ၁၁ ဦးကို တပ်သားသစ်အဖြစ် ထပ်မံခေါ်ဆောင်
ခွန်ဇော်ဦး
·
January 30, 2019
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်အတွင်းက နမ့်ကျင်စံ ကျေးရွာသား ၁၁ ဦးကို ဇန်န၀ါရီ ၂၇ ရက်က တပ်သားသစ်အဖြစ်အဓမ္မခေါ်ဆောင် သွားတာကြောင့် နမ့်ကျင်စံကျေးရွာနဲ့ လောက်ခိုင်ကျေးရွာက ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ လောက်ခိုက်ရွာသူတဦးက“ကျမတို့ရွာကို တရုတ်စစ်သားတွေလာလို့ ထွက်ပြေးလာတာပါ။ သူတို့တွေက နမ့်ကျင်စံရွာ ကရွာသား ၁၁ ယောက်ကို ခေါ်သွားတယ်လေ။ အရင်တခေါက်ကလည်း တခြားရွာတွေက ရွာသားတွေကို ခေါ်သွားတာရှိတယ်။ အဲ့ဒါကြောင့် ကျမတို့သားကို ခေါ်သွားမှာ ကြောက်တယ်။ ဒါကြောင့် ပြေးလာတာ”လို့ ပြောပါတယ်။ MNDAA ကိုးကန့်တပ်ဖွဲ့က အဓမ္မစစ်သားစုဆောင်းနေတာကြောင့် ထွက်ပြေးတိမ်းရှောင် လာသူဟာ ကိုးကန့်လူမျိုးနဲ့ မြောင်ဇီလူမျိုးတွေဖြစ်ပြီး လူဦးရေ ၃၂၆ ဦးရှိပါတယ်။ အဲ့ဒီထဲမှာ ကျောင်းသူကျောင်းသား ၅၂ ဦး ပါဝင်တွေပါတယ်။ လက်ရှိသူတို့တွေဟာ ကွမ်းလုံမြို့နယ် ကာမိုင်း ကျေးရွာက မြောင်ဇီဘော်ဒါဆောင်နဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ ယာယီခိုလှုံနေကြပါတယ်။ ကာမိုင်းကျေးရွာက မြောင်ဇီဘော်ဒါဆောင်တည်ထောင်သူ ဦးပေါင်လူက “ကျနော်တို့နဲ့ လူမျိုးတူတဲ့ မြောင်ဇီးလူမျိုးတွေကတော့ ကျနော့်တို့ ဘော်ဒါဆောင်မှာ လာနေပါတယ်။ ကျန်တဲ့ ကိုးကန့်လူမျိုးတွေကတော့ သူတို့ရဲ့ အမျိုးအိမ်တွေမှာ နေထိုင်နေကြ ပါတယ်”လို့  ပြောပါတယ်။ ကာမိုင်းကျေးရွာကို တိမ်းရှောင်လာတဲ့ ရွာသူတွေကို ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေး၊ နယ်မြေခံ စစ်ဗျူဟာ၊ ဌာနဆိုင်ရာတွေနဲ့ အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေက လိုအပ်တဲ့ စားသောက်ကုန်နဲ့ အ၀တ်အထည်တွေကို ၀ိုင်းဝန်းကူညီထောက်ပံ့ထားပါတယ်။ ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူက“ကျနော်တို့ အုပ်ချုပ်းရေးပိုင်းကနေပြီး တိမ်းရှောင်လာတဲ့ ရွာသားတွေအတွက် စားသောက်ကုန်တွေ ထောက်ပံ့တဲ့အပြင် ကွမ်းလုံ ဗျူဟာက ဆန်ဆယ်အိတ်နဲ့ ကြက်ဥတွေ ပံ့ပိုးပါတယ်။ နောက်ပြီးတော့ လားရှိုးလူ/ ကယ်/ ပြန်ဌာနက သူတို့အတွက် မိသားတစ်စုကို ကယ်ဆယ်ရေးပစ္စည်းဆယ်မျိုးနဲ့ လူတစ်ဦးကို ထောက်ပံ့ငွေ နှစ်ထောင့်တစ်ရာကျပ်စီလာ ထောက်ပံ့ပါတယ်။ သူတို့ကျန်းမာရေးအတွက်လည်း ကားမိုင်းတိုက်နယ် ဆေးရုံက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက တာဝန်ယူထားပါတယ်။ ကျောင်းသားတွေအတွက်ကတော့ ကာမိုင်းက ကျောင်းအုပ်ကြီးနဲ့ ညှိပြီး စာမေးပွဲဖြေဆိုနိုင်ဖို့ ဆောင်ရွက်ထားပါတယ်”လို့ ပြောပါတယ်။ MNDAA ကိုးကန့်တပ်ဖွဲ့က ကွမ်းလုံမြို့နယ်အတွင်းက ကျေးရွာတွေမှာ အဓမ္မ တပ်သားသစ်စုဆောင်းတာဟာ ဒီလအတွင်း နှစ်ကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။ အခုနှစ်ဇန်န၀ါရီလဆန်းကလည်း ဖတ်တူကျေးရွာက ရွာသား ၉ ဦးနဲ့ တာချုပ်တီးကျေးရွာက ရွာသား ၄ ဦးကို MNDAA ကိုးကန့်တပ်ဖွဲ့က တပ်သားသစ်အဖြစ် အဓမ္မခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး MNDAA ကိုးကန့်တပ်ဖွဲ့ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရရှိခဲ့ပါဘူး။ ခွန်ဇော်ဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024