ထိုင်း လားဟူမူးယစ်ဂိုဏ်းကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ်ထဲမှာ လားဟူအမျိုးသား  ကျလောဖဲ ဦးဆောင်တဲ့ မူးယစ်ဆေးရောင်းဝယ်ရေးဂိုဏ်း ၁ ဂိုဏ်းကို စိတ်ကြွဆေး ၁ သိန်း ၇ သောင်း၊ အိုက်စ်ရေခဲ မူးယစ်ဆေး အလေးချိန် ၁၅ ကီလိုဂရမ်နဲ့အတူ ဖမ်းဆီးရမိတယ်လို့  ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်က ကျလောဖဲ (ခေါ်) နိုင်းဆုမ်မိုင် ဆိုသူ လားဟူ တိုင်းရင်းသား ၁ ဦးမှာ ထိုင်းနိုင်ငံအတွင်းပိုင်းက မူးယစ်ကုန်သည်တွေအတွက် လိုအပ်တဲ့ မူးယစ်ဆေးဝါးတွေကို တဘက်နိုင်ငံ မြန်မာပြည် ကနေ မှာယူပေးနေသူတဦးဖြစ်ကြောင်း လွန်ခဲ့တဲ့  ၇ နှစ်ကတည်းက သတင်းရရှိတယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲ စုံစမ်းထောက်လှမ်းချက်တွေအရ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့မှာ သူတို့ အဖွဲ့ဝင် ၆ ဦးကို ဟိုင်းလပ်ကား ၂ စီးနဲ့အတူ မဲ့မလိုင်း နဲ့ ပိုင်းမြို့ကြား လမ်းတနေရာမှာ ဖမ်းမိခဲ့တာလို့ ချင်းမိုင်ခရိုင် ရဲတပ်ဖွဲ့ ရဲမှူးကြီး ဖိချိတ် ကျရနန်တဆင်က ဇန်န၀ါရီ ၂၈ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ဒီမတိုင်ခင်ကလည်း ထိုင်းမူးယစ်ရဲတပ်ဖွဲ့က မူးယစ်ကုန်သည်အယောင်ဆောင်ပြီး ကျလောဖဲ ခေါ် နိုင်းဆုမ်မိုင်ထံကနေ သိန်းနဲ့ချီတဲ့ စိတ်ကြွဆေး ၂ ကြိမ် မှာယူခဲ့ဖူးကြောင်း၊ ဒါပေမယ့် သူ့ကိုတော့ လက်ပူးလက်ကြပ် မဖမ်းမိခဲ့ဘူးလို့ ပြောပါတယ်။ ဒီတခေါက်မှာတော့ တာ့ခရိုင်ရှိ နန်းမွန်နာ့ဖားနဲ့ နိုင်းပတိဖန်း ဆိုသူ လင်မယားနှစ်ယောက်က ကျလောဖဲနဲ့ မယ်ဟောင်ဆောင်ခရိုင်မှာ ချိန်းဆိုထားကြောင်း သိရလို့  နောက်ယောင်ခံခဲ့ကြောင်း၊ ဇန်န၀ါရီ ၂၅ ရက်နေ့မှာ သူတို့ဟာ ကား ၂ စီးနဲ့ ချင်းမိုင်ခရိုင်ကို ထွက်ခွာလာလို့ လမ်းခုလပ်မှာ စောင့်ဆိုင်းစစ်ဆေးရာက စိတ်ကြွဆေးပြားပေါင်း ၁ သိန်း ၇ သောင်း နဲ့ အိုက်စ်ရေခဲမူးယစ်ဆေး အလေးချိန် ၁၅ ကီလိုဂရမ်တို့ကို ကျလောဖဲ အပါအ၀င် အဖွဲ့ဝင် ၆ ဦး (အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၃ ဦး) နိုင်းဆုမ်မိုင် ကျအဲ့၊   နိုင်းအနုထင်း၊ နိုင်းပတိဖန်း ရှဲ့ဝမ်၊ နန်းဆောင် ပိုင်ယာ နမ်မာ့၊ နန်းနားတဲ ကျအဲ့၊ နန်းမွန်နာ့ဖား ကျအဲ့ တို့ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် တာဝန်ရှိသူတွေက ကျလောဖဲရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးပြီး ချိုင်းပရကန်းမြို့နယ်ရှိ မြေကွက်အပါအ၀င် နေအိမ် ၁ လုံး နဲ့ မော်တော်ကား ၂ စီး  (စုစုပေါင်းခန့်မှန်းခြေ ဘတ် ၁၀ သန်းကျော် ) ကို သိမ်းဆည်းထားကာ နောက်ထပ်ကွင်းဆက်တွေ ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ချင်းမိုင်ခရိုင်ရဲမှူးကြီးက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up