Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် ရေတွင်းထဲ နွံဆင်းဆယ်ရာမှ ၃ ဦးပြုတ်ကျ၊ ၁ ဦး သေဆုံး
DVB
·
January 27, 2019
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ပန်းအိုင်အုပ်စု ကံဦးရွာမှာ ဇန်နဝါရီ ၂၆ ရက် ညနေက နွံဆယ်ဖို့ ရေတွင်းထဲဆင်းရာက အင်ဂျင်မီးခိုးငွေ့ကြောင့် ၃ ဦး ပြုတ်ကျပြီး ၁ ဦး သေဆုံးသွားတယ်လို့ မလှိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မလှိုင်မီးသတ်ဦးစီး ဦးဇေယျာအောင်က "မီးသတ်ကားနဲ့ သန္ဓေတပ်ဖွဲ့ဝင် ၈ ဦးခေါ်ပြီး အသက်ကယ်သွားခဲ့တယ်။ ရေတွင်းထဲမှာ ရေစုပ်စက်အင်ဂျင်က မီးခိုးငွေ့တွေကြောင့် ပြုတ်ကျကုန်တာပါ။ လေသန့်သွားအောင် သစ်ကိုင်းနဲ့ ယမ်းတယ်။ ထီးကို အပိတ်အဖွင့်လုပ်ပြီးမှ ပြန်ဆယ်ယူရတယ်" လို့ ပြောပါတယ်။ ကံဦးရွာ ဒေါ်အေးခင်ရဲ့နေအိမ်က အနက် ၅၀ ပေ၊ ရေဝပ် ၁၅ ပေ၊ တွင်းဝအကျယ် ၂ပေခွဲ ရှိတဲ့ ရေတွင်းထဲက ရေတွေကို ရေစုပ်စက်နဲ့ စုပ်ထုတ်ပြီး ရေတွေကုန်မှ နွံတွေဆယ်ယူမှာ ဖြစ်ပါတယ်။ ကိုမျိုးသန့်ဇော်(၃၇နှစ်)က ရေတွင်းထဲဆင်းပြီး ရေစုပ်စက်ကို ပိတ်ကာ ပြန်အတက်မှာ ရေတွင်းထဲ ပြုတ်ကျတာကြောင့် ကိုကျော်ဆန်းလွင်က ဆင်းဆယ်ရာ ပြန်မတက်နိုင်ဘဲ ပြုတ်ကျပြန်ပါတယ်။ ၂ဦးကို ဆယ်ယူဖို့ ကိုကျော်စိုးမိုး(ခ) ဗလကြီး(၄၁နှစ်) ရေတွင်းထဲ ဆင်းရာ ပြုတ်ကျပြန်တာကြောင့် မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ပေးခဲ့ရာ ကိုကျော်စိုးမိုး(ခ) ဗလကြီး ကတော့ သေဆုံးသွားခဲ့ပါတယ်။ မလှိုင်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ပေးတယ်၊ ကိုကျော်စိုးမိုးကတော့ သေဆုံးသွားတယ်။ မလှိုင်ဆေးရုံကို ပို့ပေးရတယ် သေမှုသေခင်း အမှုဖွင့် စုံစမ်းနေပါတယ်"လို့ ပြောပါတယ်။ မလှိုင်မြို့မရဲစခန်းမှာ ကိုကျော်စိုးမိုး(ခ) ဗလကြီး သေဆုံးတာ ဓမ္မတာအတိုင်း ဟုတ်မဟုတ် သေမှုသေခင်း အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။ မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024