တနိုင်းမြို့သွား တံတား မိုင်းခွဲခံရ

ကချင်ပြည်နယ် နမ္မတီးမြို့နယ်မှာရှိတဲ့ မြစ်ကြီးနား တနိုင်းမြို့သွား ကားလမ်းပေါ်က တံတား ၁ စင်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။ နမ္မတီးမြို့နယ်ခွဲ ကံလှရွာအနီးက ရေအေးချောင်းတံတားဟာ  စက်တင်ဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်မှာ ဖောက်ခွဲဖျက်ဆီးခံရတာပါ။ ၄၇ ပေရှည်တဲ့ ရေးအေးချောင်းတံတားဟာ သံဘောင် တံတားဖြစ်ပြီး ဗုံးဖောက်ခွဲတဲ့အတွက် တံတားသံဘောင်တွေ ပျက်စီးသွားတယ်လို့ နမ္မတီးဒေသခံက ပြောပါတယ်။ “သူက သံဘောင်တံတားဖြစ်တဲ့အတွက် သံဘောင်တချောင်းပြတ်သွားတယ်။ နှစ်ခုတွဲမှာ နောက်တချောင်းကလည်း ပါးပါးလေးပဲ ကျန်တော့ ကားကြီးတွေ၊ ကားငယ်တွေဖြတ်ရင် အန္တရာယ်ရှိနိုင်တယ်။ ” တံတားဖောက်ခွဲဖျက်စီးခံတာနဲ့ ပတ်သတ်ပြီး နယ်မြေခံတပ်ဖွဲ့တွေက လူတဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ရေအေးချောင်း တံတားဟာ မြစ်ကြီးနားမြို့ တနိုင်းမြို့သွား ကားလမ်းပေါ်က ဖြစ်ပါတယ်။ ရေအေးချောင်းတံတား ဖျက်ဆီးခံရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားပြီး တနိုင်းမြို့မှာ ကုန်ဈေးနှုန်းမြင့်တက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။ ကချင်ပြည်နယ် နမ္မတီးဒေသမှာ အမှတ် ၃ စစ်ဆင်းရေးကွက်ကဲမှုဌာနချုပ်နဲ့ တပ်ရင်း ၁၀ ရင်း ရှိပြီး ဖောက်ခွဲခံရတဲ့ ရေအေးချောင်းတံတားနဲ့ စကခ ၃ ဌာနချုပ်နဲ့ဟာ ၁ မိုင်ပဲ ဝေးကွာတာပါ။ ဒီဖောက်ခွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါ။

More News
Up