မောင်တော ကျောင်းသားများ ပညာဆက်သင်နိုင်ရေး ရန်ပုံငွေထူထောင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက  ပဋိပက္ခတွေကြောင့် ပညာဆက်သင်ဖို့ အခက်တွေ့နေတဲ့ အထက်တန်းကျောင်းသားတွေ ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးရန်ပုံငွေတရပ် ထူထောင်လိုက်ပါတယ်။ ရခိုင်ကွန်ရက်က ဦးဆောင်ထူထောင်လိုက်တာ ဖြစ်ပြီး မောင်တောမြို့တောင်ပိုင်း ကျေးရွာတွေမှာ ပညာသင်ကြားနေကြတဲ့ အထက်တန်းကျောင်းသားတွေ၊ ကျောင်းအိပ်ကျောင်းစား ပညာသင်ကြားနိုင်အောင် ရန်ပုံငွေ ထူထောင်လိုက်တာလို့ ပညာရေးကော်မတီ၊ ဘဏ္ဍာရေးမှူး ဦးလှမြင့်က ပြောပါတယ်။ ပညာရေးရန်ပုံငွေကို ငွေကျပ် ၈၁ သိန်းနဲ့ မတည်ထူထောင်လိုက်တာဖြစ်ပြီး လတ်တလောမှာ ကျောင်းသူကျောင်းသား ၃၀၀ လောက် ပညာသင်ကြားရေး စတင်ဆောင်ရွက်ပေးနေပါတယ်။ အဲ့ဒီကျောင်းသားတွေဟာ နေအိမ်မီးရှို့ခံရပြီး ပညာဆက်သင်ကြားဖို့ အခက်အခဲရှိနေ သူတွေ ဖြစ်ပါတယ်။ သူတို့ကို မောင်တောမြို့ပေါ်က အလိုတော်ပြည့်၊ ၃ မိုင်ပရဟိတကျောင်းနဲ့ ဗဟိုကျောင်း စတဲ့ ဘုန်းကြီးကျောင်း ၃ ခုမှာ ကျောင်းအိပ်ကျောင်းစားထားပြီး ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ရခိုင်ကွန်ရက်နဲ့ မြို့ပေါ်က လုပ်ငန်းရှင်၊ စေတနာရှင်တွေက ရန်ပုံငွေ မတည်ဆောင်ရွက်နေတာဖြစ်ပြီး ၀ိုင်းဝန်းထောက်ပံ့ကူညီကြဖို့လည်း ဦးလှမြင့်က ပြောပါတယ်။ “ကျနော်တို့မှာက ဒီလောက်ငွေနဲ့ မလုံလောက်ဘူးလေ။ နောက်ထပ် လုပ်မယ်ဆိုတော့ အလှူတွေကလည်း လိုတယ်။ ကလေးတွေရဲ့ ပညာရေးကို လမ်းခုလတ်မှာ အပြတ်မခံနိုင်ဘူး။ ကျနော်တို့ကတော့ ကြိုးစားပြီးတော့ လုပ်သွားမှာပေါ့။ အဲလို အလှူရှင်တွေကိုလည်း အားတက်သရော ကူညီပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။” ပြီးခဲ့တဲ့ ဇွန်လက အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောတောင်ပိုင်းက ကျေးရွာ ၇ ရွာမှာ အထက်တန်း ပညာသင်ကြားနေဆဲ  ကျောင်းသားကျောင်းသူ ၅၀၀ လောက် ရှိနေတာပါ။  မောင်တောမြို့က အထက်တန်းကျောင်းတွေကိုတော့  ပြီးခဲ့တဲ့ ဩဂုတ်လထဲ သက်ဆိုင်ရာက ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။

More News
Up