DVB Logo
Home
မြန်မာသတင်း
တောင်ယာများတွင် သစ်ပင်စိုက်ရန် ပြင်ဆင်မှု ကယန်းရွာသားများ ကန့်ကွက်
DVB
·
September 19, 2012
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာ ကုမ္ပဏီ ၁ ခုက  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ရည်ရွယ်ချက်နဲ့ သစ်မာပင်တွေ ၀င်ရောက်စိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့အတွက် ဒေသခံတွေနဲ့ တင်းမာမှု ဖြစ်နေပါတယ်။

ဖယ်ခုံမြို့နယ်ထဲက ရွှေ့ပြောင်းတောင်ယာတွေပေါ်မှာ တက်လမ်းကုမ္ပဏီက အင်းလေးကန် ရေဝေရေလဲဒေသ ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး ပြည်နယ် သစ်တောဝန်ကြီးရဲ့ မေတ္တာ ရပ်ခံချက်နဲ့ စီမံကိန်းစခဲ့တာမှာ ဒေသခံရွာသားတွေရဲ့ အထင်လွဲမှားမှု ခံခဲ့ရတာလို့ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။

“ဒါက သစ်တောပိုင်တဲ့မြေ၊ ကျနော်တို့ကို စီမံကိန်းအရ သစ်မာစိုက်ဖို့ရယ်၊ မြေဆီမြေလွှာတွေ၊ နုန်းတွေကို ကန်ထဲမကျအောင် မြေတမံတွေလုပ်ပေးဖို့ ကတိခံယူမှုနဲ့ ၂ နှစ်လုပ်ပေးဖို့ စာချုပ် ချုပ်ထားပါတယ်။ ဒီရွာသူရွာသားတွေက သူတိုဘိုးဘွားပိုင်ဆိုပြီး ပြောလာတယ်။ ကျနော်တို့က ကြားလူဖြစ်သွားတယ်။ ဒီအင်းလေးကန်ကြီး တည်ရှိဖို့ အတွက် ဘေးပတ်ဝန်းကျင်မှာ သစ်တောတွေ စိုက်ပေးဖို့လိုတယ်။ အဓိကက ရွှေ့ပြောင်းတောင်ယာတွေ ခုတ်စိုက်ကြတော့ သစ်တောအားလုံးက အင်းလေးကန်ဒေသမှာ တော်တော်ပြုန်းတီးသွားတယ်လေ။ စိုက်ပျိုးစနစ်လည်း နောက်ကျတာ ပါတာပေါ့။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီတပတ်ထဲမှာ ပြည်နယ်သစ်တောဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဟာ  ဒေသထဲ ကွင်းဆင်းညှိနှိုင်းပေးဖို့ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ရွာသားတွေညှိနှိုင်းမှုအပေါ် မူတည်ပြီးမှ  စီမံကိန်းဆက်လက် ဆောက်ရွက်မယ့်ကိစ္စ ဆုံးဖြတ်သွားမယ်လို့ တက်လမ်း ကုမ္ပဏီ အကြီးအကဲက ပြောပါတယ်။

ကုမ္ပဏီက သစ်ပင်ကြီးတွေ ၀င်ရောက်စိုက်ပျိုးမယ့်  မြေဧကပေါင်း ၁၂၀ ရှိတယ်လို့ ခေါင်န်မိုင်း ရွာသားတွေက ပြောပါတယ်။

ဖယ်ခုံမြို့နယ် ခေါင်န်မိုင်းရွာနဲ့ ခေါင်းအိရွာက ရွာသားတွေ လုပ်ကိုင်စားသောက်နေ တဲ့ ရွှေ့ပြောင်း တောင်ယာပေါ်မှာ  ပြီးခဲ့တဲ့ဇွန်လကစပြီး တက်လမ်း ဆောက်လုပ်ရေး ကုမ္ပဏီက  ကြိုတင် အသိပေးခြင်း မရှိဘဲ အလံတွေလာစိုက်ထားတဲ့အတွက် ရွာသားတွေက ဘုရားရှိခိုးကျောင်းမှာ စုဝေးပြီး  ဒီစီမံကိန်းရပ်ဖို့  အရေးဆိုခဲ့တာပါ။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ခေါင်းဆောင် ခွန်းဘီဒူးကတော့ ရွာသားတွေ အကျိုးရှိမယ် ဆိုရင်တော့ တောင်ယာတွေမှာ သစ်ပင်စိုက်တဲ့ စီမံကိန်းကို လက်ခံဖို့ အသင့်ရှိတယ် လို့ ပြောပါတယ်။

“ကောင်းမွန်တဲ့ လုပ်ငန်းတွေ၊ တကယ် ရွာသားတွေရဲ့ ဆန္ဒနဲ့လုပ်တယ်။ အများအကျိုးစီးပွားဖြစ်တယ် ဆိုတာမျိုးဆိုရင်တော့ ပူးပေါင်းပါဝင်ပြီး လုပ်သွားဖို့ ဆန္ဒရှိတယ်။ လိုလိုလားလားလည်း ရှိပါတယ်။ ဒါပေမယ့် အခုလာလုပ်တဲ့ ကုမ္ပဏီတွေတော်တော်များများကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရွာသားတွေရဲ့ နစ်နာမှုတွေကို မငဲ့ညှာတဲ့ လုပ်ငန်းတွေက ပိုများနေတယ်။”

တက်လမ်းကုမ္ပဏီကတော့ ရွာသားတွေရဲ့ အခက်အခဲတွေပေါ် စာနာနားလည်တဲ့အကြောင်းနဲ့  စီမံကိန်း လုပ်ရ သည်ဖြစ်စေ၊ မလုပ်ရသည်ဖြစ်စေ ဖယ်ခုံနဲ့ လွိုင်ကော်မြို့နယ်ကြားက အဲဒီအနီးနားတ၀ိုက် ကျေးရွာတွေကို ဆင်းရဲနွမ်းပါးမှုပပျောက်ဖို့၊ နည်းစနစ်ကျတဲ့ စိုက်ပျိုးရေးစနစ်နဲ့ မျိုးစေ့တွေ ကူညီပေးသွားမယ်လို့ ပြောပါတယ်။

ကုမ္ပဏီက ရွာသားပိုင်မြေတွေမှာ  ၀င်ရောက်လုပ်ကိုင်တယ်ဆိုတဲ့ အမြင်လွဲမှားမှုတွေ ရှင်းလင်းစေဖို့အတွက်လည်း စက်တင်ဘာ ၁၃  ရက်နေ့က  ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013