ကေအိုင်အေနှင့်အစိုးရ ဆွေးနွေးပွဲများ လေ့လာနိုင်ရန် ဗဟိုဌာနဖွင့်လှစ်

2.8K
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ) နဲ့ အစိုးရကြား ဆွေးနွေးပွဲ အခြေအနေတွေ အပေါ် လေ့လာ နိုင်ဖို့ ဗဟိုဌာန ၁ ခုကို မိုင်ဂျာယန်ဒေသထဲမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဖွင့်လှစ်လိုက် ပါတယ်။
ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့က Justice and Negotiation Center လို့ အမည်ပေးထားတဲ့ ငြိမ်းချမ်းရေးလေ့လာရေး ဗဟိုဌာနကို ဖွင့်လှစ်လိုက်တာပါ။
အဲဒီဗဟိုဌာနမှာ မည်သူမဆို ၀င်ရောက် လေ့လာနိုင်ပြီး ကေအိုင်အိုနဲ့ အစိုးရကြား နိုင်ငံရေးဆွေးနွေးပွဲတွေ အပေါ် အကြံပေးနိုင်တယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။
“ရည်ရွယ်ချက်က အစိုးရအဖွဲ့တွေနဲ့ ကေအိုင်အေ အဖွဲ့တွေ့ဆုံမှုဟာ ဘယ်လောက်အထိ မှန်ကုန်မှုရှိတယ်။ တရားမျှတမှု ဘယ်လောက်ရှိတယ်ဆိုတာ အနီးကပ်စောင့်ကြပ်လေ့လာဖို့ အတွက် ဖွင့်ထားတဲ့ center တခုပါ။ အဲမှာ အားလုံးလာလေ့လာလို့ရတယ်။ ရုံးအနေနဲ့ လာထိုင်မယ်ဆိုလည်း အဆင်ပြေအောင် လုပ်ပေးမယ်။ တွေ့ဆုံမှုအားလုံး နောက်ဆုံး နိုင်ငံရေးတွေ့ဆုံမှု ရသည်အထိ ဒီ center က ဆက်ပြီး ရှင်သန်သွားမယ်လို့ မျှော်လင့်တယ်၊ ပိုပြီးတော့ ကျယ်ပြန့်လာမယ်လို့လည်း ယူဆတယ်။”
မကြာခင် ဗဟိုဌာနကနေ ၀က်ဆိုက်စာမျက်နှာဖွင့်သွားဖို့ အစီအစဉ်ရှိပြီး လောလောဆယ် [email protected]နဲ့ [email protected] အီးမေးလ် လိပ်စာတွေကနေ ဆက်သွယ်နိုင်ပါတယ်။
ဗဟိုဌာန ဖွင့်လှစ်လိုက်တဲ့ ပရန်ငွန်ရွာဟာ မိုင်ဂျာယန်နဲ့ ၅ မိုင်အကွာမှာရှိပြီး တိုက်ပွဲမဖြစ်တဲ့နေရာ၊ အစိုးရတပ်လည်း ၀င်ရောက်လှုပ်ရှားမှုမရှိတဲ့အတွက် အဲဒီကြားနေရာဟာ အစိုးရနဲ့ ဆွေးနွေးပွဲလုပ်ဖို့ အသင့်တော်ဆုံးဖြစ်တဲ့အကြောင်း၊ ဒီ နေရာမှာ ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံကြဖို့ ပြီးခဲ့တဲ့ ဇွန်လမှာ ၀န်ကြီးဦးအောင်မင်းကို ပြောခဲ့တယ်လို့ ဦးလနန်းက ပြောပါတယ်။
ကေအိုင်အေနဲ့ အစိုးရအကြား ဆွေးနွေးမယ့်နေရာ သဘောတူညီချက် မရသေးတာဟာ နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်မစတင်နိုင်တဲ့ အကြောင်းအချက်တခုဖြစ်ပါတယ်။
လတ်တလော ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ အနည်းဆုံး တနေ့ ၂ ကြိမ်ကနေ ၃ ကြိမ်ထိ နေရာအနှံ့ ဖြစ်ပွားနေပြီး စက်တင်ဘာလဆန်းကနေ ဒီနေ့အထိ တိုက်ပွဲပေါင်း ၆၀ ကျော်တယ်လို့ ကေအိုင်အေက ပြောပါတယ်။
