ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းဟာ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့် ပြည်တွင်းပြန်ပြီး အခြေချဦးမှာ မဟုတ်ဘူးလို့ ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မယ်တော်ဆေးခန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာမ အယ်သွားက “မြန်မာပြည်မပြန်တာက လူနာတွေက ရွှေ့ပြောင်းအလုပ်သမားတွေလေ။ မြန်မာပြည်မှာ ကျန်းမာရေးအခမဲ့ မပေးနိုင်သေးသမျှ ဒီမှာပဲ။ နောက်တချက်က မြန်မာပြည်မှာ စီးပွားရေးမကောင်းသေးသရွေ့ ကတော့ သူတို့ ဒီမှာ အလုပ်လာလုပ်ကြမှာပဲလေ။ အဲကျရင် သူတို့ကျန်းမာရေး၊ ပညာရေး လိုအပ်တာပဲလေ။ ဒါကြောင့် အမတို့က အဲဒီအချက်တွေပေါ်မှာပဲ မူတည်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်နဲ့ ဩဂုတ်တုန်းက အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံချိန်က မြ၀တီဆေးရုံ၊ မယ်တော် ဆေးခန်းနဲ့ မဲဆောက်ဆေးရုံတွေ ပူးပေါင်းပြီး လူနာလွှဲပြောင်းရေးကိစ္စလုပ်ဖို့၊ မဲဆောက် မယ်တော် ဆေးခန်းမှာ မွေးတဲ့ ကလေးငယ်တွေကို အသိအမှတ်ပြုဖို့နဲ့ နှစ်ဘက်ကျန်းမာရေး လုပ်သားတွေကို အရည်အသွေးမြှင့်တင်ပြီး အသိအမှတ်ပြုဖို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကို နောက်ဆက်တွဲ အကောင်အထည်ဖော် လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။
မယ်တော်ဆေးခန်းအနေနဲ့ မြန်မာပြည်တွင်းမှာ ပြန်အခြေချတော့မှာလား ဆိုတဲ့ နယ်စပ်က လူနာတွေအကြားမှာရော၊ ထိုင်းတာဝန်ရှိသူတွေအကြား ဖြစ်ပေါ်နေတဲ့ သံသယကို ဖြေရှင်းပေးတဲ့ အနေနဲ့ အခုလို သဘောထား ထုတ်ပြန်ရတာလို့ ဆရာမ အယ်သွားက ပြောပါတယ်။
“ဆေးခန်းပိတ်တော့မှာလားဆိုပြီး လာမေးနေကြတယ်လေ။ အဲတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဒီမှာပဲနေသေးတယ်၊ မပြန်ဘူး။ လူနာတွေလည်း ရှိသေးတယ်။ လူနာတွေလည်း လာကုနေတုန်းပဲလေ။”
မယ်တော်ဆေးခန်းကို ဒေါက်တာစင်သီယာမောင်က ဦးဆောင်ပြီး ၁၉၈၉ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ပြေးဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အဓိကထား ကုသပေးနေတာပါ။