နယ်စပ်ဂိတ်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးရုံးများ ဖွင့်လှစ်

1.7K
သွင်းကုန်လိုင်စင်လျှောက်ထားတဲ့နေရာမှာ လွယ်ကူလျင်မြန်စေဖို့အတွက် နယ်စပ်ဂိတ် ၂ ခုမှာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးရုံး (အက်ဖ်ဒီအေ) တွေ အခုလထဲ စတင်ဖွင့်လှစ်လိုက် ပါတယ်။
တရုတ်ပြည်နယ်စပ် မူဆယ်နဲ့ ထိုင်းနိုင်ငံနယ်စပ် မြ၀တီတို့မှာ ရုံးခန်း ၂ ခုဖွင့်ခဲ့တာဖြစ်ပြီး နယ်စပ်က တရားဝင်တင်သွင်းလာတဲ့ စားသောက်ကုန်တွေကို စစ်ဆေးပြီး ထောက်ခံချက်ထုတ်ပေးနေတာပါ။
နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်မြင့်မြင့်က သူတို့ဌာနက လုပ်ဆောင်ပေးနေတာတွေကို ခုလို ပြောပါတယ်။
“ပစ္စည်းတခုကို ကျမတို့ နိုင်ငံထဲ တင်သွင်းမယ်ဆိုရင် သွင်းကုန်လိုင်စင်လျှောက်ရတယ် ကုန်သွယ်ရေးမှာ။ လျှောက်ဖို့အတွက်က ကျမတို့ ကျန်းမာရေးက ထောက်ခံချက်လိုတယ်။ ကျမတို့က သွင်းကုန်လိုင်စင် လျှောက်ထားရန်အတွက် ထောက်ခံချက်ဆိုပြီး သူတို့တင်သွင်းမယ့် ပစ္စည်းကို စစ်ဆေးပြီး ထောက်ခံချက်ပေးလိုက်တာပေါ့။ အဲထောက်ခံချက်ကို ကုန်သွယ်ရေးမှာ ပြပြီး ပါမစ်လျှောက်တော့ ရမယ်လေ။ ရပြီး တင်သွင်းတဲ့အခါ ပုံမှန်တင်သွင်းတာရော၊ နယ်စပ်က သွင်းလို့ရတာလည်း သွင်းပေါ့။ နယ်စပ်က တင်သွင်းမယ်ဆိုရင် ခွင့်ပြုထားတဲ့ သွင်းကုန်လိုင်စင်ထောက်ခံချက်လည်း ပါရမယ်။ ဒါဆိုရင် ပစ္စည်းကို စာရွက်စာတမ်းစစ်ပြီး တခါတည်း ထောက်ခံချက်ထုတ်ပေးလိုက်တာပေါ့။”
အရင်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ထောက်ခံချက်ရဖို့ နေပြည်တော်ထိ သွားရောက်လုပ်ကိုင်ကြရပြီး အခုတော့ နယ်စပ်မှာ တခါတည်း လုပ်ပေးနေတာပါ။
နယ်စပ်တွေကနေ တရားဝင်တင်သွင်းလာတဲ့ စားသောက်ကုန်တွေကိုသာ စစ်ဆေးပြီး ထောက်ခံချက် ထုတ်ပေးနေတာဖြစ်ပါတယ်။ တရားမ၀င် မှောင်ခိုဝင်ရောက်လာတဲ့ စားသောက်ကုန်တွေကိုတော့ ဈေးကွက်ထဲက နမူနာယူစစ်ဆေးတာပဲ လုပ်ဆောင်နေတာ ဖြစ် ပါတယ်။
အဲ့ဒီလို ဈေးကွက်ထဲကနေ နမူနာယူပြီး စစ်ဆေးတဲ့နေရာမှာလည်း စားသုံးရန် မသင့်တဲ့ဟာတွေ ဒီနေ့ထိ မတွေ့သေးဘူးလို့ ဒေါက်တာဒေါ်မြမြက ပြောပါတယ်။
နယ်စပ်လမ်းကြောင်း အထူးသဖြင့် တရုတ်ပြည်ဘက်ကနေ တရားမ၀င် တင်သွင်းရောင်းချနေတဲ့ စားသောက်ကုန်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ မီဒီယာတွေက ထောက်ပြရေးသားနေကြတာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စီးပွားကူးသန်းဝန်ကြီးဌာနက လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး ၀န်ကြီးဌာန ရုံးအဖွဲ့မှူး ဦးတိုးအောင်မြင့်က ခုလို ရှင်းပြပါတယ်။
“ကျနော်တို့က လိုင်စင်နဲ့ သွင်းလာတာအားလုံးသည် စားသောက်ကုန်ဆိုရင် အက်ဖ်ဒီအေ စစ်ဆေးပြီးမှ သွင်းခွင့်ပြုပါတယ်။ တရားမ၀င် မှောင်ခိုနဲ့ ပတ်သက်လို့ စီးပွားကူးသန်းက ရတဲ့ သတင်းတွေ အားလုံးကို စုပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးနေပါတယ်။ စီးပွားကူးသန်းရဲ့ နဂိုမူရင်းတာဝန်က ကုန်သွယ်မှုလုပ်ငန်းတွေ လျင်မြန်ချောမွေ့ဖို့နဲ့ ကုန်သွယ်မှုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အထောက်အထားတွေနဲ့ ကူညီပေးဖို့ပါ။ ဖမ်းတာဆီးတာကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဖမ်းတာဆီးတာ စစ်ဆေးတာ လုပ်ရပါတယ်။ ကျနော်တို့က ၂၀၁၁ ခုနှစ် ဇန်န၀ါရီက စပြီး စစ်ဆေးတဲ့အဖွဲ့မှာ မပါတော့ပါဘူး။ ကျနော်တို့က သတင်းစုံစမ်းပြီး သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနရယ်၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရယ်ကို သတင်းရတာတွေ အကုန်ပေးပါတယ်။”
နယ်စပ်က ကုန်ပစ္စည်းတင်သွင်းရာမှာ လွယ်ကူစေဖို့ ဆောင်ရွက်ပေးထားတာမို့ ကုန်သည်တွေ အနေနဲ့ တရားဝင် တင်သွင်းကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။ နယ်စပ်က တရားဝင် တင်သွင်းလာတဲ့ စားသောက်ကုန်တွေကို စစ်ဆေးပြီး ၂ ရက်အတွင်း ကျန်းမာရေးထောက်ခံချက် ထုတ်ပေးနေပါတယ်။
အစားအသောက်နှင့် ဆေးဝါးဌာနရုံးခန်းတွေကို နောင် တခြားနယ်စပ်ဂိတ်တွေမှာလည်း တိုးချဲ့ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။