DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲများ ထပ်ဖြစ်
DVB
·
September 19, 2012
အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲများ ထပ်ဖြစ်
Donate to DVB

တပ်အင်အားတွေ အလုံးအရင်းနဲ့ ဖြည့်တင်းနေတဲ့ အစိုးရတပ်တွေနဲ့ ကေအိုင်တပ်ဖွဲ့တွေ ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အေဌာနချုပ်နဲ့ ၇ မိုင်အကွာ ဒေါ့ဖုန်းယန်စခန်းအနီးမှာ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဒီအကြောင်းကို ကေအိုင်နေနဲ့ အတူ ပူးတွဲ တိုက်နေတဲ့ ကျောင်းသားတပ်မတော်မြောက်ပိုင်း စစ်ရေး တာဝန်ခံတဦး ဖြစ်သူ ဗိုလ်မှူးအောင်ဆွေဦးက အခုလို ပြောပြပါတယ်။

“ရင်ဆိုင်တိုက်ပွဲက မနေ့က ညအထိတော့ ရှိတယ်။ ဒီနေ့တော့ တနေကုန် လက်နက်ကြီးတွေနဲ့ ပစ်နေတာပဲ။ တိုက်ပွဲဖြစ်တဲ့နေရာကတော့ လဂျားယန်စခန်း အရင်အစိုးရတပ် စခန်းနေရာမှာပါ။ မနေ့မနက်ပိုင်း ၅ နာရီကျော်ကျော်မှာ ထိတွေ့မှုတခုဖြစ်တယ်။ လဂျာယန်းစခန်းကို အင်အားဖြည့်လာတဲ့ ရိက္ခာပို့အဖွဲ့နဲ့ ဖြစ်တယ်။ နေ့လယ်ပိုင်းမှာ ဒေါ့ဖုန်းယန် မြောက်ဘက်ကနေ ၁၀၅ မမ အမြောက်တွေနဲ့ တနေ့လုံးနီးပါး ပစ်နေတယ်။ အမြောက်ကျည်ဆန်တွေက လိုင်ဇာတပ်စခန်းတ၀ိုက်မှာ သွားကျတယ်။ မနေ့ည ၁၂ နာရီကျော်ကလည်း သူတို့တက်လာပြီး တိုက်ပွဲ ထပ်ဖြစ်တယ်။ မနက်မိုးလင်းတော့ ပြန်ဆုတ်သွားတယ် ”

အစိုးရတပ်တွေဘက်က ကေအိုင်အေဌာနချုပ် (လိုင်ဇာ) ကို ကာကွယ်ပေးထားတဲ့ တပ်စခန်းတွေကို အပြီးအပြတ် သိမ်းပိုက်ချင်နေတဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။

“အခု တပ်အင်အားဖြည့်တင်းနေတဲ့ အနေအထားကတော့ နဂို စခန်းထိုင်အင်အားထက်ကို ထပ်ဖြည့်နေတဲ့ ပုံသဏ္ဌန် အနေအထားရှိမယ်ဆိုရင်တော့ စခန်းသိမ်းတိုက်ပွဲဆင်မယ်လို့ ယူဆတယ်။ လဂျားယန်မှာ တပ်စခန်းဆွဲထားတယ်။ ရှေ့တန်းစခန်းကို သူတို့ ထိုးစစ်ဆင်မယ်လို့ ခန့်မှန်းထားတယ်။”

အခုနောက်ဆုံး အခြေအနေမှာလည်း အစိုးရဘက်က စစ်ကူတွေ အလုံးအရင်း ထပ်မံ ရောက်ရှိ လာနေတယ်လို့ ပြောပါတယ်။

“ဒီနေ့မနက် ဒေါ့ဖုန်းယန်နဲ့ မနီးမဝေး နောင်နဆိုတဲ့ ရွာကို စက်လှေ ၁၂ စီးထပ်ရောက်တယ်။ သူတို့တပ်အင်အားထပ်ဖြည့်တာပေါ့။ အဲကနေ တပ်စခန်းရှိတဲ့နေရာဆိုရင် မနက်ပိုင်းထွက်လာရင် နေ့လယ်ပိုင်းဆို ဒီရောက်ပြီ။ မနေ့က ဗန်းမော်ကပို့လိုက်တဲ့ ထပ်ဖြည့်တဲ့ တပ်အင်အား ဒေါ့ဖုန်းယန် မြို့နယ်ထဲမှာရှိတဲ့ နောင်နရွာမှာ အများကြီးရောက်နေတယ်။”
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်တွေဟာ မနှစ်က ဇွန်လ ၉ ရက်နေ့ကတည်းက တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။ ခုဆိုရင် တိုက်ပွဲကာလ ၁၅ လ ရှိသွားပြီး ဖြစ်သလို အစိုးရရဲ့ ထိုးစစ်တွေကလည်း ပိုမို ပြင်းထန်လာနေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013