Home
မြန်မာသတင်း
ဆိပ်ကမ်းအခွန်နှုန်းထားများ ပြင်ဆင်ကောက်ခံရန် စီစဉ်နေ
အောင်ဆန်းဦး
·
January 24, 2019
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေနဲ့ ရေကြောင်းနဲ့ ကုန်စည်တင်သွင်း၊ တင်ပို့မှု အခြေအနေကို လေ့လာစိစစ်ပြီး ဆိပ်ကမ်းအခွန်နှုန်းထားတွေကို ဈေးကွက်အခြေအနေပေါ် မူတည်ပြီး ပြင်ဆင်ကောက်ခံသွားဖို့ စီစဉ်နေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။ ဇန်နဝါရီ ၂၃ ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းတဲ့ ရန်ကုန်ဆိပ်ကမ်းအတွင်း ဆိုက်ကပ် ခွန်နှုန်းထားကောက်ခံမှုနဲ့ ပတ်သက်တဲ့ မေးခွန်းအပေါ် လာရောက်ဖြေဆိုစဉ်မှာ ဒုဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။ “မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေနဲ့ ဆိပ်ကမ်းအခွန်အခတွေကို ရေကြောင်းနဲ့ ကုန်စည်တင်သွင်း၊တင်ပို့မှုအခြေအနေကို လေ့လာသုံးသပ်ပြီး ဈေးကွက်အခြေအနေပေါ် မူတည်ပြီး သင့်တင့်မျှတတဲ့ နှုန်းထားတွေနဲ့ ပြင်ဆင်ကောက်ခံသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။” မေးခွန်းရှင်ရဲ့ ပြောကြားချက်အရ ရန်ကုန်ဆိပ်ကမ်း သင်္ဘောဆိုက်ကပ်မှု ကုန်ကျစရိတ်ဟာ မြင့်မားနေတဲ့အတွက် ပို့ကုန်မြှင့်တင်ဖို့ အခက်အခဲဖြစ်ပေါ်နေပြီး သွင်းကုန်ဈေးနှုန်းတွေ ကြီးမြင့်စေတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်ကြုံတွေ့နေရလို့ ရန်ကုန်သင်္ဘောဆိုက်ကပ်မှု ကုန်ကျစရိတ် လျော့ချပေးဖို့ ရှိမရှိ မေးမြန်းရတာလို့ ဆိုပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီးကတော့ လက်ရှိ ကောက်ခံနေတဲ့ နှုန်းထားအရ ရန်ကုန်ဆိပ်ကမ်းအတွင်း ဆိုက်ကပ်မှုကြောင့် ကုန်ကျစရိတ်ဟာ ဒေသတွင်း အခြားဆိပ်ကမ်းတွေနည်းတူ ကွာဟချက်မရှိဘဲ သင့်တင့်မျှတ တဲ့ နှုန်းထားဖြစ်တယ်လို့  ဆိုပါတယ်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေနဲ့ ဆိပ်ကမ်းရဲ့ ဆွဲသင်္ဘော ၆ နာရီအသုံးပြုခကို အရင်က အမေရိကန်ဒေါ်လာ ၂၀၀၀ မှ ဒေါ်လာ ၁၅၀၀ကို ၂၀၁၈ ဇန်န၀ါရီ ၁၀ရက်နေ့က စတင် လျှော့ချခဲ့ပြီး စုစုပေါင်း ဆိပ်ကမ်းကပ်တဲ့ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၇၅၉၀ သို့ လျောကျခဲ့လို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နှုန်းထားနဲ့ ကွာဟမှုပိုပြီး နည်းလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကွန်တိန်နာဝန်ဆောင်မှုဝန်ဆောင်ခကို ပေ ၂၀ ကွန်တိန်နာတလုံး  အမေရိကန်ဒေါ်လာ ၁၆၅ကနေ ၁၄၅ ကို ၂၀၁၈ ဇွန် ၂၇ ရက်နေ့ကတည်းက လျော့ချ ထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တန်ချိန် ၂၆၀၀၀၀ ရှိတဲ့ သင်္ဘောတစီးအတွက် စုစုပေါင်းကုန်ကျစရိတ်ဟာ ရန်ကုန်ဆိပ်ကမ်းမှာအမေရိကန်ဒေါ်လာ ၁၈၀၀၀ကျော်  ကုန်ကျပြီး ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းတို့မှာတော့ အမေရိကန် ဒေါ်လာ ၁၅၀၀၀ ကျော် ကုန်ကျတယ်လို့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ လေ့လာချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024