Home
မြန်မာသတင်း
တရုတ်ပြည်သို့ လိမ်ညာပို့ဆောင်ခံရသည့် မြန်မာ ၄၅ ဦး ၀မ်ပေါင်ကုမ္ပဏီ အကူအညီဖြင့် ပြန်ရောက်ရှိ
Aung Ko Latt
·
January 23, 2019
လူခေါ်ပွဲစားတွေကနေ တဆင့် တရုတ်နိုင်ငံကို တရားမဝင် အလုပ်သွားလုပ်ပြီး ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ကယ်ထုတ်နိုင်ဖို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီကို အကူအညီတောင်းခဲ့ရတယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်က စစ်ကိုင်းတိုင်း ကနီ၊ မင်းကင်း၊ ကလေးမြို့နယ်တွေကနေ လူခေါ်ပွဲစားတွေကတဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကြံစိုက်ခင်းတွေကို မြန်မာအလုပ်သမား ၁၀၀ ကျော် သွားရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ အဲဒီထဲက အလုပ်ရှင်ရဲ့ အစာရေစာဖြတ်ခံခဲ့ရပြီး အခက်အခဲတွေကြုံတွေ့နေရတဲ့ မြန်မာ အလုပ်သမား ၄၅ ယောက်ကို ဝမ်ပေါင်ကုမ္ပဏီရဲ့ အကူအညီနဲ့ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်ခဲ့ ရတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က “နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြောရတာပေါ့။ နောက်ပြီးတော့ ဒီမှာ ဒို့သိထားတာက ဝမ်ပေါင်ကို သွားအကူအညီတောင်းတယ်။ ဝမ်ပေါင်ကတရုတ်တွေလေ။ သူတို့နဲ့ ချိတ်ဆက်ပြီးတော့ လုပ်ပြီးတော့ ဝမ်ပေါင်က ကုန်ကျစရိတ် ဗမာငွေ ကျပ်သိန်း ၉၀ ဝမ်ပေါင်ကနေ အကုန်အကျခံပြီးတော့ လုပ်ပေးလိုက်တယ်။ ဒါကြောင့်မို့ ဒီမှာ ပြန်ရောက်တာ။ လုပ်ပြီးတော့ သွားပြီးတော့ ဗိုလ်မှူးကြီးလုပ်စမ်းပါဦးဆိုပြီးတော့ ဝမ်ပေါင်နဲ့ချိတ်ပြီးတော့ တရုတ်ဆိုတော့ တရုတ် တရုတ်ချင်းချိတ်ပြီးတော့ စကားပေါက်တာပေါ့ အဲလို လုပ်လိုက်လို့ ဒီလောက်အမြန်ကြီး ရောက်လာတာ။” တရုတ်နိုင်ငံကို တရားမဝင်အလုပ်သွားလုပ်တဲ့ မြန်မာ ၄၅ ယောက်က ၁ လကျော်ကြာ ကြံစိုက်ခင်းတွေမှာ လူပင်ပန်း၊ စိတ်ပင်ပန်းနဲ့ အလုပ်လုပ်ခဲ့ရပြီး လူခေါ်ပွဲစားတွေပြောသလို မဟုတ်တဲ့အတွက် နေရပ်ပြန်နိုင်ရေး တိုင်းလူငယ်ရေးရာကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကနေတဆင့် အစိုးရဆီကို အကူအညီ တိုက်ရိုက်တောင်းခံခဲ့ကြတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က “ပြောရရင်တော့ အလိမ်ခံရတဲ့ သဘောမျိုးပေါ့နော်။ လိမ်ညာပြီးတော့ ခေါ်သွားတာပေါ့။ အလုပ်အကိုင်ရှာပေးတဲ့သူတွေကို ဒီ ၄၅ ယောက်ဆိုရင် ၂ ယောက်က လိမ်ခေါ်သွားတာ။ သူတို့ကို ဖမ်းထားပြီးပြီ။ နောက် ၁၅ ယောက်က ၄ ယောက်က လိမ်ခေါ်သွားတာ။ ၄ ယောက်မှာ ၃ ယောက်ကို ဖမ်းထားပြီးပြီ။ ၁ ယောက်ကတော့ လွတ်နေဆဲ။ အမြန်ဆုံးဖမ်းဆီးပြီးတော့ အရေးယူနိုင်အောင် ဆောင်ရွက်မှာပါ။” ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်မှာတော့ ၄၅ ယောက်အဖွဲ့က မုံရွာမြို့ကို ပြန်လည်ရောက်ရှိလာတာပါ။ ဒီညပိုင်းမှာလည်း တရုတ်ပင်လယ်ကမ်းစပ်ကနေ ကယ်ထုတ်ရတဲ့ မြန်မာ အလုပ်သမား ၁၅ ယောက် ရောက်ရှိလာဦးမှာဖြစ်တယ်လို့ သိရပါတယ်။ လူခေါ်ပွဲစားတွေကတဆင့် တရုတ်နိုင်ငံကို တရားမဝင်သွားရောက် ဒုက္ခရောက်ခဲ့ကြတဲ့ အလုပ်သမား ၄၅ ယောက် ဒီကနေ့မနက် မုံရွာမြို့ကို ပြန်လည်ရောက်ရှိလာရာမှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ အဖွဲ့က တွေ့ဆုံအားပေးကူညီခဲ့ပါတယ်။ မုံရွာမြို့ သာသနာ့ဗိမာန်ကို ရောက်ရှိလာတဲ့ မြန်မာအလုပ်သမားတွေကို  တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နဲ့ တိုင်းအဆင့် ဌာနဆိုင်ရာတွေက လာရောက်တွေ့ဆုံ အားပေးခဲ့တာပါ။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက “ဘာတွေအခက်အခဲရှိသလဲဆိုတာက ကျနော်တို့က တိုင်းဒေသကြီး အစိုးရဆိုတော့ တဖက်နိုင်ငံနဲ့ ဆက်တဲ့အခါမှာ အခက်အခဲရှိပါတယ်။ နောက်သူတို့က တရားဝင်မသွားတဲ့အတွက်လည်း အခက်အခဲရှိပါတယ်။ အဲဒီအတွက်ကျနော်တို့က နိုင်ငံခြားရေးကို ချိတ်ဆက်ရပါတယ်။ လူကုန်ကူးကို ချိတ်ဆက်ပါတယ်။ နောက်ပြီးတော့ ဒီမှာရှိတဲ့ အန်ဂျီအိုတွေ သူတို့ကလည်း အဓိက အခန်းကဏ္ဍက ပါပါတယ်။”လို့ ပြောပါတယ်။ လက်ရှိမှာ ပြန်လည်ရောက်ရှိလာသူ ၄၅ ယောက်ထဲမှာ အသက် ၁၇ နှစ်ကနေ ၄၅ နှစ် အကြား အမျိုးသမီး ၇ ယောက်၊ အမျိုးသား ၃၈ ယောက်ပါဝင်ပြီး ပါဝင်ပြီး  စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ကလေးမြို့နယ်တွေကနေ တရုတ်နိုင်ငံကို သွားရောက်ခဲ့သူတွေ ဖြစ်ကြပါတယ်။ အလုပ်သမားတွေဟာ အလုပ်ရှင်ရဲ့  ၅ ရက်ကြာ အစာရေစာ ဖြတ်တောက်ခံခဲ့ရတဲ့အပြင် ခရီးဝေးလာခဲ့ရတာဖြစ်လို့ ကိုယ်ခန္ဓာကိုယ်အားနည်းနေသူတွေလည်းရှိပါတယ်။ တရုတ်နိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူ ဦးထွန်းထွန်းက“အကုန်လုံး ကျန်းမာရေးကော၊ အသက်အန္တရာယ်တွေ တော်တော်ကို ရနိုင်ပါတယ်။ ရေလည်းမရှိဘူးလေ။ ရေအနောက်တွေ သောက်ရတယ်။ ဝမ်းတွေနာ အခုလည်းဗိုက်တွေအောင့်နေတာ။ အဲဒီအခါကျတော့ သွားမယ့် လူတွေကို ဘယ်သူ့ဖြစ်ဖြစ် ကျနော်တို့လို မဖြစ်စေချင်ဘူးပေါ့ဗျာ။ မသွားကြပါနဲ့လို့ ပြောချင်ပါတယ်။” လို့ပြောပါတယ်။ အလားတူ တရုတ်နိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူတဲ့  မခင်ဌေးဝင်းကလည်း “မသွားဖို့ရာရော အယုံအကြည်မထားဖို့ရာပေါ့။ သူများနိုင်ငံမှာ သွားမလုပ်တာ အကောင်းဆုံးပဲလို့ အကြံပေးချင်ပါတယ်။ ကိုယ့်မြန်မာနိုင်ငံမှာပဲ တရက်ကို ဘယ်လောက်ပဲရရ ကိုယ့်မြန်မာနိုင်ငံမှာပဲ ဆိုတော့ အခက်အခဲမရှိဘူးပေါ့ရှင်။ သူများနိုင်ငံမှာဆိုတော့ အခက်အခဲတွေ အများကြီးကြုံရတဲ့ အတွက် မသွားဖို့ဘဲ ပြောချင်ပါတယ်ရှင်”လို့ ပြောပါတယ်။ ပြန်ရောက်လာသူတွေကို လတ်တလောမှာ မုံရွာမြို့ ပြည်သူ့အားကစားကွင်းမှာ အနားယူနိုင်အောင် တိုင်းအစိုးရက စီစဉ်ပေးထားသလို  စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့တွေလည်း စီစဉ်ဆောင်ရွက်နေပါတယ်။ တရုတ်နိုင်ငံကို သွားစဉ်က လူ ၁၀၀ ကျော်ပေမယ့် နေရာတွေ ကွဲတဲ့အတွက် ၄၅ ယောက်သာ ပြန်ခဲ့ရတာလို့ ဆိုပါတယ်။ နောက်ထပ်လည်း တခြား ဒေသက လူတွေအများကြီး ရှိနေသေးတယ်လို့ ဆိုပါတယ်။ မြန်မာအလုပ်သမား အများစုက ကြံစိုက်ခင်းတွေမှာ ကြံခုတ်လုပ်သားအဖြစ် လုပ်ကိုင်ကြရတာဖြစ်ပြီး အစစအရာရာ အခက်အခဲတွေ ကြုံတွေ့ရတယ်လို့ သွားရောက် လုပ်ကိုင်ခဲ့ သူတွေက ပြောပြပါတယ်။ လောလောဆယ်မှာတော့ တရုတ်နိုင်ငံကို အလုပ်လုပ်ဖို့ ဖြားယောင်းခဲ့တဲ့ လူခေါ် ပွဲစားအချို့ကို သက်ဆိုင်ရာက  ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းမှာတော့ ဌာနဆိုင်ရာတွေ၊ တရားမဝင်သွားရောက် အလုပ်လုပ်ခဲ့သူတွေ၊ ကူညီခဲ့သူတွေ စုပေါင်းကာ လူကုန်ကူးမှုနဲ့ တရားမဝင်ပြည်ပအလုပ်အကိုင် အကြောင်း ရှင်းလင်းပွဲပြုလုပ်သွားဖို့ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024