နဂါးနီသီချင်းနဲ့ နဂါးနီစာအုပ်အသင်း (သုတကဖေး)

“အေးချမ်းသာယာစည်...ဟေ့--နဂါးနီတန်ခိုးနဲ့ … အမျိုးဂုဏ်တက်စေမည်..” ဆိုတဲ့ “နဂါးနီ” သီချင်းကို ဒီနေ့ခေတ် လူငယ်အတော်များများအထိ ကြားဖူးကြပါလိမ့်မယ်။ တကယ်တော့ ဒီသီချင်းဟာ နဂါးနီစာအုပ်အသင်းရဲ့ ဝါဒဖြန့်ချိရေးအတွက် ရေးစပ်ခဲ့တဲ့ သီချင်းတပုဒ်အဖြစ် သိသူရှိသလို မသိသူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ နဂါးနီသီချင်းအကြောင်း မပြောမီ နဂါးနီစာအုပ်အသင်းအကြောင်း အနည်းငယ် ပြောကြည့်ရအောင်။ နဂါးနီစာအုပ်အသင်းရယ်လို့ ဖြစ်တည်လာဖို့ အစက ကိုသိန်းဖေနဲ့ ကိုထွန်းအေးတို့ နှစ်ယောက် အိန္ဒိယနိုင်ငံ ရောက်နေစဉ် အင်္ဂလန်နိုင်ငံ Lift book club ထုတ် လက်ဝဲစာအုပ်တွေကို ဈေးပေါပေါနဲ့ ဝယ်ဖတ်လို့ရတာကနေ စတာပဲ။ သူတို့နှစ်ယောက်က တို့နိုင်ငံမှာလည်း ဒီလို စာအုပ်အသင်း ရှိရင်ကောင်းမယ်လို့ အကြံရပြီး စဉ်စားမိရာက အစပြုခဲ့တာ။ ကိုထွန်းအေး မြန်မာပြည်ပြန်ရောက်တော့ အင်္ဂလန် မက်ထရစ်စာမေးပွဲဖြေဖို့ အိမ်ကယူလာတဲ့ ပိုက်ဆံ ၅ဝဝ ကျပ်နဲ့ သခင်နုကလည်း ဇနီးဖြစ်သူ မမြရီဆီက ယူလာတဲ့ ကျပ်ငွေ ၅ဝဝ တို့ပေါင်းပြီး နဂါးနီစာအုပ်တိုက်ကို တည်ထောင်ခဲ့ကြတာ။ တည်ထောင်စမှာ အသင်းဥက္ကဋ္ဌအဖြစ် မြို့မဆရာဟိန်၊ အတွင်းရေးမှူး ကိုထွန်းရွှေ၊ တွဲဘက်အတွင်းရေးမှူးက သခင်ထိန်ဝင်း၊ ငွေထိန်းက သခင်ချစ်၊ စာအုပ်ရွေးချယ်ရေးက သခင်နုနဲ့ သခင်သန်းထွန်း၊ ဝါဒဖြန့်ချိရေးမှူးက သခင်စိုးပေါ့။ တည်ထောင်တဲ့ခုနှစ်က ၁၉၃၇ ခု နိုဝင်ဘာ (၄) ရက်နေ့ပါ။ စာအုပ်အသင်း တည်နေရာက အမှတ် (၁၅ဝ) စကော့ဈေး (ဗိုလ်ချုပ်ဈေး) မှာ။ သူတို့ကြွေးကြော်သံက… “တလ ၁ဝ(ဲပဲ)တန်သော့နဲ့ ကမ္ဘာ့ဘဏ်တိုက်ကြီးကို ဖွင့်လော့” “နဂါးနီတန်ခိုးနှင့် အမျိုးဂုဏ်တက်စေအံ့” ပါပဲ။ ဒီမှာ ပြောရဦးမယ်။ “နဂါးနီ” ဆိုတဲ့နာမည်က ဒီးဒုတ်ဦးဘချိုပေးတာ။ ကိုထွန်းအေးနဲ့ ကိုနုက နှစ်ယောက်စလုံး စနေသားတွေဖြစ်လို့ စနေနံ နဂါးကို စနေဖြစ်တဲ့ ‘နီ” ဆိုတာ ထပ်ပေါင်းထည့်ပြီး “နဂါးနီလို့ ပေးလိုက်သတဲ့။ ဗေဒင်ကိန်းခန်းနဲ့ တွက်ချက်ပေးဟန်ပါပဲ။ ကြွေးကြော်သံတွေကတော့ သခင်နုတို့လက်ရာပါ။ ဒီကြွေးကြော်သံနဲ့ ကြေညာချက်တွေက မြန်မာတွေကြားထဲ အတော်ပျံ့နှံ့သွားခဲ့တယ်။ ဒါ့အပြင် စာအုပ်အသင်း ကြော်ငြာနဲ့ စာအုပ်ကြော်ငြာအတွက် (၁ဝ) မျက်နှာရှိ မင်နီနဲ့ ရိုက်နှိပ်ထားတဲ့ စာအုပ်ငယ်လေးပါ ရိုက်နှိပ်ဖြန့်ချိတယ်။ အဲ့ဒီစာအုပ်ငယ်ထဲမှာ သူတို့အသင်းရဲ့ ရည်ရွယ်ချက်အဖြစ်….. ၁။ ဝါဒစစ်၊ ဝါဒမှန်ကို သဘောပေါက်ပြီး စနစ်ကျစေရန်အတွက် အစီစဉ်ရှိရန်။ ၂။ လက်ရွေးစဉ် နိုင်ငံရေး ဗိုလ်မှူး စစ်ကဲများ ပေါ်စေရန်။ ၃။ နယ်ချဲ့စနစ်ကို အခြားတဖက်မှ တိုက်နေသူတို့၏ ခြေလှမ်း အင်အား စသည်တို့ကို ချင့်ချိန်ရန်။ တို့ပါပဲ ရည်ရွယ်ချက်ပြီးတော့ သူတို့လုပ်ငန်းစဉ်ကို ဖော်ပြတယ်။ အတိုချုပ်ကတော့။ မြန်မာပြည် လွတ်လပ်ရေးကို အမြန်ဆုံး ပို့ဆောင်ပေးမယ့်စာတွေ ဖြစ်ဖို့။ လွတ်လပ်ရေးတိုက်ပွဲအတွက် နိုင်ငံရေးပရိယာယ်ပါတဲ့ စာတွေ၊ တကမ္ဘာလုံး လွတ်လပ်ရေးအတွက် လှုပ်ရှားမှုပုံရိပ်တွေ၊ လွတ်လပ်ရေးကို အထောက်ကူဖြစ်စေမယ့် ပြဇာတ်၊ ဝတ္ထု၊ အတ္ထုပ္ပတ္တိစာတွေ ထုတ်ဝေလုပ်ဆောင်သွားမယ့် အကြောင်းတွေ ပါရှိတယ်။ ပထမဆုံးထုတ်တဲ့ စာအုပ်က သိန်းဖေ(သိန်းဖေမြင့်) ရဲ့ “ဦးလွန်း၊ မျိုးချစ်အာဇာနည်နှင့် သူပုန်စာရေးဆရာကြီး” ဖြစ်တယ်။ ကြော်ငြာစာအုပ်ငယ်ထဲမှာတော့ ဖေဖော်ဝါရီထုတ်မယ့် စာအုပ်စာရင်းနဲ့ အကြောင်းအရာညွှန်းဆိုတဲ့ စာလေးတွေနဲ့ပါ။ ဖေဖော်ဝါရီလမှာ “ဦးအုန်းခိုင် (ဒီးဒုတ်ဂျာနယ်အယ်ဒီတာ) ရဲ့ “မြန်မာနိုင်ငံရေးရာဇဝင်”။ မတ်လမှာ မောင်နုရေး “မယားဆိုးလင်နှင့် အခြားပြဇာတ်များ။ ဧပြီလမှာ မောင်စိုးရေး “ဆင်းရဲသားဝါဒ” စသဖြင့် ထည့်သွင်း ကြော်ငြာထားတယ်။ စာအုပ်ဈေးနှုန်းကိုတော့ အသင်းဝင် (၁ဝ) ပဲ။ အသင်းသားမဟုတ် ၂ ကျပ်တဲ့။ စာအုပ်တိုက်ထောင်ပြီး စာအုပ်တွေဖြန့်မယ်လို့ ကြေညာထားပေမယ့် စာအုပ်အသင်းဖွင့်ပွဲက အခုထိ မလုပ်ရသေးဘူး။ ဒီအတွက် တပြည်လုံးပျံ့နှံ့အောင်လုပ်ဖို့ သီချင်းစပ်ဖို့လိုတော့ နဂါးနီရဲ့ သဘောထားပါအောင် သခင်နုရေးတဲ့ "လူမွဲတို့ထွက်ရပ်လမ်း” ထဲက စာသားတွေ ရွေးထုတ်ပြီး သခင်အုန်းခင် (ဗမာ့ခေတ်ဦးအုန်းခင်) တို့နဲ့အတူ ဆရာဦးဘချိုဆီ သွားခဲ့ကြတယ်။ ဒီးဒုတ်ဦးဘချိုက ကြည့်မြင်တိုင်မှာနေတဲ့ သခင်ပုန်းဆိုင် (ရွှေတိုင်ညွန့်) ဆီလွှတ်ပြီး သီချင်းရေးခိုင်းလိုက်တယ်။ ဖွင့်ပွဲနီးသည်အထိ သီချင်းက မပြီးသေး။ သုံးလလောက်ကြာမှ ရေးပြီးသတဲ့။ ၁၉၃၈ ခုနှစ်ထဲ နဂါးနီစာအုပ်အသင်း ဖွင့်ပွဲကို မြို့တော်ခန်းမမှာ ကျင်းပတော့ နဂါးနီသီချင်းကို မင်းသားကြီး ခင်မောင်ရင်က သီဆိုပြီး မင်းသမီးကြီး သီတာခင်ထွေးရဲ့ အကနဲ့ တင်ဆက်ခဲ့တာ။ ပရိသတ်တွေ နှစ်ထောင်းအားရဖြစ်လို့။ ဖွင့်ပွဲက ပြန်ထွက်လာသူတိုင်း နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်ဆိုတဲ့ စာသားကို နှုတ်တိုက်ရွရွ ရွတ်ဆိုခဲ့ကြတယ်လို့ သိမီသူတွေရဲ့ မှတ်တမ်းကလည်း အထင်ကရရှိခဲ့ရဲ့။ လူကြိုက်များတဲ့သီချင်း ဖြစ်လေတော့ ဗြိတိသျှဘားမား ကုမ္ပဏီက ဓာတ်ပြားအဖြစ် ဖြန့်ချိရာက နဂါးနီသီချင်းဟာ တပြည်လုံး ပျံ့နှံ့သွားခဲ့ပါတော့တယ်။ တပြိုင်တည်း ဒီသီချင်းနဲ့အတူ နဂါးနီစာအုပ်အသင်းကလည်း အသင်းဝင်တွေတိုးလို့ တနှစ်အတွင်း အသင်းဝင်ပေါင်း ၃ဝဝဝ ကျော်အထိ ရောက်ရှိပြီး ၁၉၄၁ ခုနှစ်အတွင်း ၅ဝဝဝ ကျော်အထိ ရှိခဲ့တယ်။ စတင်တည်ထောင်ချိန်ကနေ ၁၉၄၁ စစ်တွင်းကာလအထိ စာအုပ်ပေါင်း (၇၁) အုပ် ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နဂါးနီသီချင်းနဲ့ နဂါးနီစာအုပ်အသင်းဟာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလို ခွဲခြားမရနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။ မင်းသုဝဏ်ရဲ့ ပန်းနှင့်ပင်စည်။ တင်နိုင်တိုးရဲ့ နဂါးနီတို့မှ အချက်လက်အချို့ ယူပါတယ်။ ဆရာဋ္ဌေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up