Home
မြန်မာသတင်း
တရားသူကြီးများ တရားခွင်တွင် ကျမ်းသစ္စာကျိန်ဆိုရန်ကိစ္စ လွှတ်တော်တွင်ဆွေးနွေး
ပိုင်စိုး
·
January 23, 2019
တရားသူကြီးတွေအနေနဲ့ တရားခွင်မှာ ကျမ်းသစ္စာကို တိတိကျကျ လေးလေးနက်နက် ကျိန်ဆိုဖို့ ကိစ္စကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ဆွေးနွေးဖို့ သဘောတူ လိုက်ပါတယ်။ လွှတ်တော်အမတ် ဦးစိုးမိုးတင်သွင်းတဲ့ ပြည်သူတွေ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ် မှန်ကန်မျှတတဲ့ တရားစီရင်ရေး ဖြစ်ထွန်းစေဖို့ တရားသူကြီး၊ အမှုသည်နဲ့ သက်သေတွေ ကျမ်းသစ္စာကျိန်ဆိုဖို့ အဆိုကို ကန့်ကွက်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာပါ။ တရားဥပဒေစိုးမိုးမှ နိုင်ငံတော် ဖွံ့ဖြိုးစေမှာ ဖြစ်ပြီး တရားစီရင်ရေးအပေါ် အဖက်ဖက်က သံသယတွေ ရှိနေကြတာကိုလည်း ဦးစိုးမိုးက တင်ပြခဲ့ပါတယ်။ ဦးစိုးမိုးက “လက်ရှိအခြေအနေမှာ တရားခွင်မှာ အမှုသည်တွေ၊ သက်သေတွေကိုပဲ ကျမ်းကျိန်ခိုင်းပြီး အမှုတခုကို ဆုံးဖြတ်ပေးမယ့် တရားသူကြီးတွေဟာ တရားခွင်မှာ၊ တရားစီရင်တဲ့ အခါမှာ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ကတိသစ္စာပြုတာ မရှိတဲ့အတွက် သူတို့ရဲ့ စီရင်ဆုံးဖြတ်တာတွေနဲ့ ပတ်သက်ပြီး ယုံမှားသံသယတွေ ရှိလာကြတဲ့အတွက် ယုံကြည်အားကိုးတာ လျော့နည်း လာပါတယ်” လို့ ပြောပါတယ်။ လက်တွေ့မှာ ပြဋ္ဌာန်းထားတဲ့ ပုံစံအတိုင်း တိတိကျကျ လေးလေးနက်နက် ကျမ်းသစ္စာမကျိန်ဆိုတဲ့ အမှုသည်တွေ၊ သက်သေတွေ တွေ့နေရလို တချို့တရားရုံးတွေမှာတော့ ကျမ်းသစ္စာကို ကျမ်းထုပ်ထဲမှာ ထည့်မထားတာ၊ တရားရုံးတွေရဲ့ အများမြင်သာတဲ့နေရာတွေမှာ ကပ်မထားတာတွေလည်း ရှိနေတယ်လို့လည်း ပြောပါတယ်။ တရားသူကြီးတွေ ကျမ်းသစ္စာကျိန်ဆိုဖို့ တရားရုံးများလက်စွဲမှာထည့်သွင်းပေးဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။ “တရားသူကြီးတွေအနေနဲ့ တရားခွင်တက်တိုင်း၊ အမှုစစ်ဆေးတိုင်း ကျမ်းကျိန်ဖို့ မလိုအပ် ပေမယ့် နေ့စဉ် တရားခွင်တက်ဖို့ စတင်ဆောင်ရွက်တဲ့အခါ၊ ဒါမှမဟုတ် အမှုတခု စတင်စစ်ဆေးတဲ့ အချိန်မှာ ကျမ်းသစ္စာ ကျိန်ဆိုဖို့ လိုအပ်ပါတယ်။ ဒါမှပဲ မှန်ကန်ဖြောင့်မတ်မျှတတဲ့ တရားစီရင်ရေး ဖြစ်ဖို့ အထိန်းအကွပ်ပြုသလို ဖြစ်မှာဖြစ်တဲ့အပြင် တရားစီရင်ရာမှာ အမှန်ကို ဆုံးဖြတ်ရာ သာမကဘဲ အမှန်ကိုစီရင်ကြောင်း အများမြင်သာစေရာသည်ဆိုတဲ့ လမ်းညွှန်စီရင်ထုံး တွေနဲ့လည်း ကိုက်ညီမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ တရားရုံးတွေမှာ ထွက်ဆိုမယ့် ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ကျမ်းကျိန်တယ် ဆိုတဲ့အသုံးအနှုန်းနဲ့ ကျိန်ဆိုရပြီး တခြား ဟိန္ဒူ၊ မဟာမေဒင် ဘာသာဝင်တွေ၊ ဂျူရီလူကြီးတွေ၊ စကားပြန်တွေနဲ့ ဗုဒ္ဓဘာသာ ရဟန်းသာမဏေတွေ၊ ကျမ်းကျိန်ဖို့ သဘောမတူသူတွေကတော့ ကတိသစ္စာပြုတယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ မှန်မှန်ကန်ကန် ထွက်ဆိုဖို့ သစ္စာပြုကြရပါတယ်။ တရားသူကြီးတွေ ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် လက်ရှိသမ္မတ ဦးဝင်းမြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ၂၀၁၃ ခုနှစ်မှာတုန်းကလည်း အဆိုတင်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေ၊ တိုင်း ဒါမှမဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးတွေဟာ တရားသူကြီး တာဝန် ပေးအပ်တုန်းကပဲ နိုင်ငံတော် သမ္မတနဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌတွေ ဆီမှာ  ကျမ်းသစ္စာ အသီးသီး ကျိန်ဆိုပြီးဖြစ်လို့ တရားခွင်တက်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုဖို့ မလိုဘူးလို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024