ရုရှားလေယာဉ်ကို အပိုင်စီးရန် ကြိုးစားသည့် အမျိုးသားအား ဖမ်းဆီး

ဓာတ်ပုံ - AFP
ရုရှားလေကြောင်းလိုင်း အဲရိုဖလုတ်က ခရီးသည်တင် လေယာဉ်တစီးကို အပိုင်စီးဖို့ ကြိုးစားသူ အရက်မူးနေတဲ့ ရုရှားအမျိုးသားတဦးကို ဇန်နဝါရီ ၂၂ ရက်မှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ဆိုက်ဘေးရီးယားဒေသမှာ လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ရအပြီး ဖမ်းလိုက်တာပါ။ ခရီးသည်ဟာ သူ့မှာ လက်နက်ပါတယ်လို့ ပြောရင်း လေယာဉ်မှူးတွေမောင်းတဲ့ အခန်းထဲ ဝင်ဖို့ ကြိုးစားခဲ့တာပါ။ ဆိုက်ဘေးရီးယားရဲ့ ဆားဂတ်မြို့ကနေ မော်စကိုမြို့တော်ဆီ ပျံသန်းနေတဲ့ လေယာဉ်ကို အာဖဂန်နစ္စတန်နိုင်ငံဆီ လမ်းကြောင်းပြောင်းပြီး ပျံသန်းဖို့လည်း တောင်းဆိုခဲ့တယ်လို့ ရုရှား သတင်းဌာနတွေက ဖော်ပြကြပါတယ်။ သူ့ကိုဖမ်းအပြီးမှာ လက်နက် တကယ်မပါတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ရုရှားရဲ့ ခရီးသည်တင် လေကြောင်းခရီးစဉ်တွေမှာ အရက်မူးတဲ့ ခရီးသည်တွေ ပါလာတတ်တာ ဖြစ်နေကျပါ။ ဒါပေမယ့် လေကြောင်းခရီးစဉ် ပြောင်းခိုင်းတာမျိုးက ရှားပါတယ်။ အကြမ်းဖက်မှု၊ ခြိမ်းခြောက်ရင်း လေယာဉ်အပိုင်စီးဖို့ ကြိုးစားမှု စွဲချက်တွေနဲ့ အဲဒီအမျိုးသားကို ရာဇဝတ်မှုကြောင်းအရ စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားတယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။ ဒီရာဇဝတ်မှုဟာ ထောင်ဒဏ် ၇ နှစ်ကနေ ၁၂ နှစ်ထိ ကျခံရနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up