ကမ္ဘာ့စီးပွားရေး တိုးတက်နှုန်း ပိုနှေးလာဟု IMF အကြီးအကဲ ပြော

ကမ္ဘာ့စီးပွားရေး ကျဆင်းလာတာ မဟုတ်ပေမယ့် တိုးတက်နှုန်း ပိုနှေးလာနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီး (IMF) ရဲ့ အကြီးအကဲ ခရစ္စတင်း လာဂျဒ်က ဇန်နဝါရီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ သူက ခုလိုပြောလိုက်တာပါ။ အစိုးရကြွေးမြီ လျှော့ချရေး အပါအဝင် စီးပွားရေး အထိအရှ မခံနိုင်မှုကို မူဝါဒ ရေးဆွဲသူတွေက ရင်ဆိုင်ကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ ၂၀၁၉ နဲ့ ၂၀၂၀ မှာ ကမ္ဘာ့စီးပွားရေး တိုးနှုန်း ဟောကိန်းကို IMF က တနင်္လာ အစောပိုင်းမှာ လျှော့ချခဲ့တာပါ။ ဥရောပနဲ့ အမြန်စီးပွားတိုးနေတဲ့ ဒေသတွေမှာ အားနည်းချက်တွေ ရှိနေလို့ လျှော့ချတာဖြစ်ပြီး ကုန်သွယ်ရေး တင်းမာမှုတွေကို ဖြေရှင်းဖို့ ပျက်ကွက်ရင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု အခြေအနေ မတည်မငြိမ် ဖြစ်စေနိုင်တယ်လို့လည်း ပြောပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ ၂၀၁၉ မှာ တိုးတက်နှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ မှာတော့ တိုးတက်နှုန်း ၃ ဒသမ ၆  ရာခိုင်နှုန်း ရှိမယ်လို့ IMF က ဟောကိန်းထုတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up