ကာ့ခ်ျရေလက်ကြားတွင် သင်္ဘော ၂ စီး မီးလောင်၊ သင်္ဘောသား ၁၀ ဦး သေဆုံး

ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသအနီး ကာ့ခ်ျရေလက်ကြားမှာ သင်္ဘောနှစ်စီး မီးလောင်ပြီးနောက် သင်္ဘောသား ၁၀ ဦး သေဆုံးကာ ၁၄ ဦးကို ကယ်ဆယ်ခဲ့တယ်လို့ ရုရှား ပို့ဆောင်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ သင်္ဘောတစီးကနေ တစီးကို လောင်စာပို့လွှတ်ချိန် မီးလောင်ခဲ့ဖွယ်ရှိပြီး သင်္ဘောသားတွေဟာ ရေထဲခုန်ချခဲ့တယ်လို့ ဝန်ကြီးဌာနက အစောပိုင်းမှာ ပြောကြားပါတယ်။ အဲဒီသင်္ဘောနှစ်စီးစလုံးဟာ တန်ဇန်းနီးယားအလံကို လွှင့်ထားပြီး နှစ်စီးပေါင်း သင်္ဘောသားအရေအတွက် ၃၁ ဦး ရှိပါတယ်။ သူတို့ထဲက ၁၆ ဦးဟာ တူရကီနိုင်ငံသားတွေဖြစ်ပြီး ၁၅ ဦးဟာ အိန္ဒိယနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်ချိန် ပင်လယ်ပြင်မှာ မုန်တိုင်းထန်နေတယ်လို့လည်း သင်္ဘောလိုင်း သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီ ကာ့ခ်ျရေလက်ကြားဟာ ပင်လယ်နက်ကနေ အဇော့ပင်လယ်ဆီ ဝင်ရောက်ရာလမ်းကို ထိန်းချုပ်ထားပြီး အဲဒီနေရာမှာ ရုရှားနဲ့ ယူကရိန်းဆိပ်ကမ်းတွေ တည်ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up