Home
မြန်မာသတင်း
လက်ထပ်နိုင်သည့် အသက်အရွယ်ကို ၁၈ နှစ်ပြင်ဆင်သတ်မှတ်ရန် အမျိုးသားလွှတ်တော်အဆိုပြု
နေဖြိုးဝင်း
·
January 22, 2019
မြန်မာနိုင်ငံမှာ အမျိုးသား၊ အမျိုးသမီးတွေ အိမ်ထောင်ပြု လက်ထပ်နိုင်တဲ့ အသက်ကို   ၁၈ နှစ် အရွယ် ပြင်ဆင်သတ်မှတ်ဖို့ အမျိုးသားလွှတ်တော်မှ ပြန်လည် အဆိုပြုလိုက်ပါတယ်။ ပြည်သူ့လွှတ်တော်က ဓလေ့ထုံးတမ်းဥပဒေတွေနဲ့အညီ လက်ထပ်နိုင်တယ်လို့ အတည်ပြု ပေးပို့ထားတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အခုလို ပြန်လည်ပြင်ဆင်သင့်ကြောင်း ဥပဒေကြမ်းကော်မတီက ဇန်န၀ါရီ ၂၁ ရက်က အစီရင်ခံစာတင်သွင်းခဲ့တာပါ။ အမျိုးသားလွှတ်တော်က အမျိုးသားနဲ့ အမျိုးသမီးတွေ ထိမ်းမြားလက်ထပ်တာမှာ တည်ဆဲဥပဒေတွေ၊ ဓလေ့ ထုံးတမ်းဥပဒေတွေနဲ့ မဆန့်ကျင်အောင် အခုလိုအစားထိုးသင့်တယ်လို့  အစီရင်ခံစာတင်သွင်းသူ ကော်မတီဝင် ဦးသိန်းလွင်ကပြောပါတယ်။ “အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက်ဟာ တည်ဆဲ ဥပဒေတွေနဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေမှာ အသက်နဲ့စပ်လျဉ်းတဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်နဲ့အညီ ဖြစ်ရမယ်။ သို့သော် ထိမ်းမြားလက်ထပ်တဲ့ စာချုပ်ချုပ်ဆိုပြီး လက်ထပ်တာ သို့မဟုတ် ကတိသစ္စာပြုပြီး ထိမ်းမြားတာဖြစ်ရင် ထိမ်းမြားလက်ထပ်ဖို့ ပဋိညာဉ် ပြုနိုင်တဲ့အသက်ဟာ ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်ဆိုတဲ့ စကားရပ်နဲ့ အစားထိုးပြင်ဆင်သင့်တယ်လို့ လေ့လာတွေ့ ရှိရပါတယ်” ဒါ့အပြင် ပြည်သူ့လွှတ်တော်က ပယ်ဖျက်ထားတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်နစ်နာတဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို အလေးထားဆောင်ရွက်နိုင်တဲ့ အဆိုပြု ပြဋ္ဌာန်းချက် အပိုဒ် ၆၁၊ အပိုဒ်ခွဲ(ခ) ကို အပိုဒ် ၆၀၊ အပိုဒ်ခွဲ(ခ)အဖြစ် ပြောင်းလဲ အမှတ်စဉ်ပြီး စကားရပ်တွေကိုလည်း အခုလို အစားထိုးပြင်ဆင်သင့်တယ်လို့ ပြောပါတယ်။ "လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်တာ၊ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်နစ်နာတာ သို့မဟုတ် နေရပ်စွန့်ခွာရတဲ့ ကလေးသူငယ်တွေအားလုံးကို ဒုက္ခခံစားရသူတွေအဖြစ် သတ်မှတ်ပြီး အဲဒီကလေးသူငယ်တွေရဲ့ အကောင်းဆုံးအကျိုးစီးပွားကို အရေးကြီးကိစ္စအဖြစ် စီမံဆောင်ရွက်ရမယ် လို့ ပြင်ဆင်သင့်ပါတယ် " လို့ ဆိုပါတယ်။ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြင်ဆင်လိုတဲ့ကိုယ်စားလှယ်တွေရှိရင် ဆွေးနွေးဖို့ အမည်စာရင်းပေးသွင်းနိုင်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024