Home
မြန်မာသတင်း
PPST အစည်းအဝေးပြန်စနိုင်ရေး နည်းလမ်းရှာရန် တိုက်တွန်း
DVB
·
January 21, 2019
ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ အစည်းအဝေးတွေ ပြန်စနိုင်ဖို့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေက နည်းလမ်းတွေကို ရှာဖွေပေးသင့်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တချို့က တိုက်တွန်းလိုက်ပါတယ်။ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး PPST အဖွဲ့ခေါင်းဆောင် ကေအန်ယူနဲ့ ဒုအဖွဲ့ခေါင်းဆောင် RCSS တို့က တရားဝင်ဆွေးနွေးပွဲတွေယာယီ ရပ်ဆိုင်းထားတာကြောင့် အန်စီအေ လမ်းကြောင်း ရှေ့ဆက်နိုင်ဖို့ အခက်ခဲ ဖြစ်နေကြတာပါ။ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကတော့ တဖက်ကအခက်ခဲဖြစ်နေတာကို အားလုံးက ဝိုင်းပြီးကြည့်နေမယ်ဆိုရင် အခက်ခဲဖြစ်နေတဲ့အစုအဖွဲ့တခုတည်း နစ်နာမှာမဟုတ်ပဲ တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူလူထုအကုန် နစ်နာမှာဖြစ်တာကြောင့် နိုင်ငံတော်ယန္တရား တခုလုံးကို ကိုင်တွယ်နေတဲ့အစိုးရအနေနဲ့ စေ့စပ်ပြီး အရွေ့တခုကိုဖော်ဆောင်ပေးသင့်တယ်လို့ ပြောပါတယ်။ ဒီလိုရပ်တန့်နေတာတွေက အားလုံးအတွက် အကျိုးမရှိတဲ့အပြင် အဖွဲ့အစည်းအတွင်း ဆွေးနွေးဖို့ ယာယီရပ်ဆိုင်းမှုတွေကလဲ အချိန်ရလောက်ပြီဖြစ်လို့ ဦးဆောင်သူတွေအနေနဲ့ ပီပီပြင်ပြင် ပြန်ပြီး ဦးဆောင်သင့်တယ်လို့လည်း သူက ဆိုပါတယ်။ PPST အစည်းအဝေးပြန်စဖို့ တရားဝင် စာပို့တောင်းဆိုထားတာ နှစ်ကြိမ်ရှိပြီဖြစ်သလို ခေါင်းဆောင်တွေအချင်းချင်း တွေ့ဆုံတဲ့အခါမှာလည်း အစည်းအဝေးပြန်စဖို့ ပြောဆိုထားပေမယ့် အခုချိန်ထိ အကြောင်းပြန်တာမရှိသေးဘူးလို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောပါတယ်။ အန်စီအေစာချုပ်ပါ ကတိကဝတ်ဖြစ်တဲ့ အောင်မြင်သည်အထိ ပူးတွဲအကောင်ထည်ဖော် ပါမယ်ဆိုပြီး ကတိပြုလက်မှတ်ထိုးထားတာကြောင့် ယာယီရပ်ဆိုင်းမှု ၃ လပြည့်ပြီးတဲ့အချိန်အထိ အစည်းဝေးမစတင်နိုင်ရင် မလိုက်နိုင်သေးတဲ့အဖွဲ့တွေနေခဲ့ပြီး ကျန်တဲ့ ၈ ဖွဲ့နဲ့ ဆက်သွားဖို့ နည်းလမ်းကို ရှာရမယ်လို့လည်း သူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး PPST အဖွဲ့ခေါင်းဆောင်နဲ့ ဒုအဖွဲ့ခေါင်းဆောင် တွေ မပါတာကြောင့် အစည်းဝေးမလုပ်ရတဲ့အပေါ် ဘယ်လိုဆက်သွားကြမလဲဆိုတာကို ခေါင်းဆောင်တွေ အနေနဲ့ ဆွေးနွေးပြောဆိုထားကြတာတော့ မရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024