ကားပါကင်ထက် ပိုကျဉ်းသည့် ဟောင်ကောင်က တိုက်ခန်း

ဟောင်ကောင်ဟာ နေထိုင်စရိတ်ကြီးမြင့်မှုအတွက် နာမည်ကြီးပေမယ့် ဟောင်ကောင်က အိမ်ယာလုပ်ငန်းတခုဟာ သာမာန်ကားပါကင်ထက်တောင်သေးတဲ့ တိုက်ခန်းတွေ ဆောက်လုပ်ရောင်းချမှုအတွက် နိုင်ငံတကာ မီဒီယာတွေထက်မှာ ရေပန်းစားနေတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီကုမ္ပဏီက T-Plus လို့ခေါ်တဲ့ အိမ်ခန်းအမျိုးအစားတခုကို စမ်းသပ်ဆောက်လုပ် ရောင်းချခဲ့တာဖြစ်ပြီး ဒီအခန်းတွေရဲ့ အကျယ်ဟာ ၁၂၈ စတုရန်းပေပဲရှိတယ်လို့ သိရပါတယ်။ ဒါအကျယ်အဝန်းဟာ ဟောင်ကောင်က သာမာန်ကားပါကင်နေရာအကျယ်အဝန်း (၁၃၀ စတုရန်းပေ) ထက်တောင်သေးနေပါသေးတယ်။ ဒီအကျယ်အဝန်းဟာ ဟောင်ကောင်ဒေသခံမဟုတ်သူတွေအတွက်တော့ လုံးဝအံ့သြစရာပဲ ဖြစ်ပေမယ့် T-Plus အိမ်ခန်းတွေမှာ မီးဖိုချောင်၊ အိမ်သာကစလို့ ထမင်းစား စားပွဲနဲ့ ရေခဲသေတ္တာအထိ လူတယောက်လိုအပ်နိုင်မယ့် အရာအားလုံးပါဝင်နေပါတယ်။ T-Plus အိမ်ခန်းတွေကို ဟောင်ကောင်ကျောင်းသားတွေရဲ့ အဆောင်တွေကို အတုယူကာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး အခန်းရဲ့ တဖက်ကနေ အခြားတဖက်ကိုရောက်ဖို့ ခြေလှမ်းငါးလှမ်း သာလှမ်းရပါတယ်။ ကုမ္ပဏီဘက်က ဒီလိုအခန်းမျိုး ၇၃ ခန်းကို ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလ မှာ အကုန်လုံးရောင်းထွက်သွားဖို့ မျှော်လင့်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ တိုက်ခန်းနှစ်ခန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။ ခြေလှမ်းငါးလှမ်းလှမ်းရင် တိုက်ခန်းတပတ်ပတ်ပြီးသားဖြစ်ပေမယ့် T-Plus တိုက်ခန်းတွေရဲ့ ဈေးကတော့မသေးလှပါဘူး။ ဒီအခန်းတခန်းကို ဟောင်ကောင် ငွေ ၂.၈၅ သန်း (ကန်ဒေါ်လာ ၃၆၄၆၀၀) နဲ့ ရောင်း ချခဲ့တာပါ။ ဒါဟာ အလွန်များပြားတဲ့ ပမာဏဖြစ်ပေမယ့် T-Plus တွေရဲ့ ဈေးနှုန်းဟာ ဟောင်ကောင်ရဲ့ နာမည်ကျော်တိုက်ခန်း ကျဉ်းကျဉ်းလေးတွေထက်တော့ သက်သာနေပါတယ်။ ဟောင်ကောင်ဟာ အိမ်ရာဈေးနှုန်းမြင့်မားမှုအတွက် အထူးနာမည်ကြီးတဲ့ ဒေသတခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မတ်လတုန်းကလည်း ၂၀၉ စတုရန်းပေသာရှိတဲ့ တိုက်ခန်းကျဉ်းလေးတခုကို ဟောင်ကောင်ဒေါ်လာ ၇.၉၀ သန်း (ကန်ဒေါ်လာ ၁ သန်း)  နဲ့ရောင်းချခဲ့တယ်လို့ သိရပါတယ်။ သာမန်လူတွေအတွက် ၁၂၈ စတုရန်းပေ ဆိုတဲ့အကျယ်အဝန်းဟာ လူနေအိမ်ထက် လှောင်အိမ်တလုံးနဲ့ ပိုတူနေမှာဖြစ်ပေမယ့် ဟောင်ကောင်က အိမ်ယာလုပ်ငန်းရှင်တွေကတော့ လူနေအိမ်တွေရဲ့ အကျယ်အဝန်းကို သူတို့တတ်နိုင်သလောက် လျော့ချဖို့ ကြိုးစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up