၃၅ နှစ်လုံးလုံး အဝါရောင်တမျိုးတည်း ဝတ်ဆင်ခဲ့သည့် အလက်ပို၏ အဝါရောင်လူသား

ခန္ဓာကိုယ်တခုလုံးမှာ ရှိတဲ့ အဝတ်အစား အသုံးအဆောင်တွေကို အဝါရောင်တရောင်တည်းကို ၃၅ နှစ်လုံး နေ့စဉ်နေ့တိုင်း ဝတ်ဆင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ဒီလိုမလွယ်တဲ့ ကိစ္စကို အလွယ်တကူ လုပ်ဆောင်သွားတဲ့ လူတယောက်တော့ ရှိပါတယ်။ သူကတော့ အလက်ပိုမြို့ရဲ့ အဝါရောင်လူသားလို့ခေါ်တဲ့ အသက် ၆၈ နှစ်အရွယ် အဘူဇတ်ကောပဲဖြစ်ပါတယ်။ အဘိုးအို အဘူဇတ်ကောက အဝါရောင်ဟာ မေတ္တာတရားကို ဖော်ပြတဲ့သင်္ကေတလို့ ခံယူထားပြီး အဝါရောင်ကို နေ့စဉ်နေ့တိုင်း ဝတ်ဆင်ပါတယ်။ သူ့ရဲ့အဝါရောင်အပေါ် စွဲလမ်းမှုက ပြီးခဲ့တဲ့ ၁၉၈၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ကနေ အခုချိန်ထိ ၃၅ နှစ်တာ ကာလလုံးလုံး သူဟာ အဝါရောင်တမျိုးတည်းကိုသာ ရွေးချယ်ဝတ်ဆင်ခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ အဘူဇတ်ကောဟာ အဝါရောင်အင်္ကျီဘောင်းဘီတွေတင်မဟုတ်ဘဲ၊ ဦးထုပ်၊ လည်စည်းနဲ့ ဖိနပ်တွေကိုပါ အဝါရောင်ပဲ ဝတ်ဆင်တာဖြစ်ပြီး နောက်ဆုံး သူ့ဖုန်းကာဗာလို ပစ္စည်းမျိုးကိုတောင် အဝါရောင်ပဲခြယ်သပါတယ်။ တခါတရံ သူလိုချင်တဲ့အရာက အဝါရောင်မရှိရင် အဘူဇတ်ကောက ရှိတဲ့အရောင်ကို အဝါရောင်ခြယ်ပြီး ဝတ်ဆင်သုံးစွဲတဲ့အထိ အဝါရောင်ကို စွဲလမ်းသူပဲဖြစ်ပါတယ်။ အဘိုးအိုဟာ သူ့ရဲ့အခန်းကျဉ်းလေးထဲက ပစ္စည်းအသုံးအဆောင်တွေ အားလုံးကိုလည်း အဝါရောင်သာ ခြယ်သထားလေ့ရှိပြီး နေ့ရောညပါ၊ အိမ်တွင်းအိမ်ပြင်မှာ အဝါရောင်တွေနဲ့ နေထိုင် သူပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ အလက်ပိုမြို့က အဝါရောင်လူသားလို့ နာမည်ပြောင်ကို ရရှိထားပြီး “အဝါ တရောင်တည်းကို ၃၅ နှစ်လုံးလုံး ဝတ်ဆင်အသုံးပြုခဲ့တာကြောင့် တခြားအရောင်တွေ အသုံးပြုဖို့ဆိုတာ ကျနော့်အတွက် မဖြစ်နိုင်တော့ပါဘူး” လို့ ဇတ်ကောက ပြောပါတယ်။ အဘိုးအိုဇတ်ကောဟာ ဆီးရီးယားနိုင်ငံမှာ ဆိုးရွားတဲ့ ပြည်တွင်းစစ်မဖြစ်ပွားခင်အထိ အလက်ပိုမြို့ရဲ့ ပြယုဂ်တွေထဲက တခုဖြစ်ခဲ့ပေမယ့် စစ်ပွဲကာလတွေမှာတော့ သူ့အခြေအနေဟာ ပြောင်းလဲသွားခဲ့ပါတယ်။ စစ်ပွဲကာလအတွင်းမှာ သူဟာ အစိုးရဘက်က ဒါမှမဟုတ် သူပုန်တွေဘက်က၊ အစွန်းရောက်တွေဘက်က သတင်ပေးအဖြစ် မကြာခဏ စွပ်စွဲခံခဲ့ရပြီး ၂ဝ၁၃ ခုနှစ်က ထွက်ပေါ်လာတဲ့ ဗွီဒီယိုတခုမှာဆိုရင်လည်း သူ့ကို လက်နက်ကိုင်အဖွဲ့အစည်းတခုက ဘာ့ကြောင့် အဝါရောင်ကို ဝတ်ဆင်ရသလဲလို့ ရိုက်နှက်မေးမြန်းနေတာကို စိတ်မချမ်းသာဖွယ်မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ သူနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ တော်တော်ကြာ တိတ်ဆိတ်သွားခဲ့ပေမယ့် မကြာသေးခင်ကတော့ အဝါရောင် မင်းသားကြီးဟာ သတင်းစာမျက်နှာတွေပေါ်မှာ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အားလုံးကလည်း အဘူဇတ်ကော တယောက် ပြည်တွင်းစစ်ကြီးထဲမှာ အသက်မသေဘဲ လွတ်မြောက်ခဲ့တဲ့အပေါ် အံ့သြဝမ်းသာနေကြပါတယ်။ “လူတွေက ကျနော့်ကိုတွေ့ရင် ပြုံးပြနှုတ်ဆက်ပြီး ဓာတ်ပုံတွေ တွဲရိုက်ကြပါတယ်။ လူတော်တော်များက ကျနော့်ကိုတွေ့ရင် သူတို့လုပ်လက်စ အလုပ်တွေကို ရပ်ပြီး ကျနော့်ဆီလာ စကားပြောရယ်မောကြပါတယ်။ ကျနော်က အဲ့ဒီအရာကို မေတ္တာတရားလို့ သတ်မှတ်ပါတယ်” လို့ ဇတ်ကောက သတင်းဌာနတခုကို ပြောဆိုခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up