ဝတပ်ဖွဲ့ထံ ခိုလှုံနေသည့် စစ်ဘေးရှောင်များကို တပ်မတော်က နေရပ်ပြန်ပို့

1.6K
မိုင်းပန်မြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသလုံခြုံမှု မရှိတဲ့အတွက် နေရပ်စွန့်ခွာပြီး UWSA နယ်မြေထဲ လာရောက်ခိုလှုံနေတဲ့ ဒေသခံ အိမ်ထောင်စု ၈၂ စုကို တပ်မတော်က နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက မိုင်းပန်မြို့နယ် ပန်ပီးဒေသ နားမွန်းကျေးရွာအုပ်စုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့လို့ ဒေသခံတွေ ထွက်ပြေးလာပြီး UWSA ၀တပ်ဖွဲ့မှာ ခိုလှုံနေကြတာပါ။
ပအိုဝ်းတိုင်းရင်းသား အိမ်ထောင်စု ၈၂ စုကို UWSA ၀တပ်ဖွဲ့ စစ်ဒေသ ၁၇၁ တပ်မဟာ ၇၇၈ အခြေစိုက်ရာ ခိုင်းလုံမှတဆင့် တပ်မတော်စစ်ဗျူဟာသုံးခုက မိုင်းတုံမြို့နယ် ဒေသခံ၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး နေရပ်ပြန်ပို့တာနဲ့ ထောက်ပံ့မှုတွေကို ဇန်နဝါရီ ၁၇ ရက်နေ့က ဆောင်ရွက်ခဲ့တာလို့ မိုင်းတုံအခြေချစစ်ဗျူဟာ အဖွဲ့စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးက ပြောပါတယ်။
"ခိုင်းလုံကနေ မနေ့က ဖိုးဝှီးယာဉ်ငယ်တွေနဲ့ မုံးထရှေ့တန်းဗျူဟာကို ပို့ပေးတာ။ ဒီမနက် မုံးထကနေ ဆက်ပို့လာလို့ နားကောင်းမူးကနေ သွားကြိုခေါ်လာပြီး အခုနေ့လယ်စာကျွေးမွေးပြီး စာနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ ငွေကျပ် ၁၅ သိန်းကျော် ထောက်ပံ့ပေးမှာပါ။ ပြီးရင် တာဆန်းအရောက် ဒီကနေ့ ဆက်ပို့ပေးမှာပါ။"
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ မိုင်းပန်မြို့နယ် ပန်ပီးဒေသ နားမွန်းကျေးရွာအုပ်စုမှာ RCSS နဲ့ PNLA တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက် RCSS က ရွာကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာကြောင့် ထွက်ပြေးခိုလှုံခဲ့တာလို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
RCSS/SSA အဖွဲ့ တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး စိုင်းဦးကတော့ ခြိမ်းခြောက်တာမျိုးမရှိဘဲ တိုက်ပွဲကြောင့် ရွာမှာမနေရဲလို့ ထွက်ပြေးကြတာဖြစ်ကြောင်း ပြောကြားထားပါတယ်။
အဆိုပါနေရပ်စွန့်ခွာထွက်ပြေးလာသူ အိမ်ထောင်စု ၈၂ စုလူဦးရေ ၃၀၉ ဦးထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေများပြားတယ်လို့ သိရပါတယ်။
နေရပ်စွန့်ခွာလာသူ ပအိုဝ်းတိုင်းရင်းသားတွေကို ဇန်နဝါရီ နေရင်းကျေးရွာတွေကို လင်းခေးစစ်ဗျူဟာမှူးကိုယ်တိုင် ဒီနေ့ ဆက်လက်ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
အောင်ဇေယျ(မိုင်းတုံ)