ဇင်ဘာဘွေ ဆန္ဒပြပွဲအတွင်း အတော်များများ ရိုက်နှက်ဖမ်းဆီးခံရ

ဓာတ်ပုံ - REUTERS
680
ဇင်ဘာဘွေနိုင်ငံအတွင်း ဆန္ဒပြပွဲတွေကို ရဲတွေက နှိမ်နင်းခဲ့ပြီး ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ တယောက်အပါအဝင် အရပ်သားအတော်များများကို ဇန်နဝါရီ ၁၆ ရက်က ဖမ်းဆီးခဲ့ပါတယ်။
ရဲတွေ ဆန္ဒပြပွဲ နှိမ်နင်းမှုအတွင်း တခြားလူ အတော်များများလည်း အရိုက်ခံရတယ်လို့ ရှေ့နေတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဟာရာရဲမြို့တွင်း ပုဂ္ဂလိက ဆေးရုံရဲ့အပြင်ဘက်မှာ အင်္ဂါည ဖြိုခွင်းမှုအတွင်း ရထားတဲ့ ဒဏ်ရာတွေကို ကုသဖို့လာတဲ့ အမျိုးသား ၂ ယောက်ကို ရိုက်တာ သတင်းဌာနက မေးမြန်းခဲ့တာပါ။
စစ်သားတွေက သူ့အိမ်ထဲ ဝင်လာပြီး လေဟာပြင်ထဲ ဆွဲထုတ်တယ်၊ အဲဒီမှာ သူနဲ့ တခြားလူ အယောက် ၂၀ လောက် အရိုက်ခံရတယ်၊ ဆန္ဒပြသူတွေလို့ စွပ်စွဲခံရကြောင်း ရိုက်နှက်ခံရသူတယောက်က ပြောပါတယ်။
ရဲတွေကတော့ ဆန္ဒပြပွဲတွေအပြီးမှာ လူအယောက် ၂၀၀ ကျော် ဖမ်းခဲ့တယ်လို့ ဇန်နဝါရီ ၁၅ ရက်မှာ ပြောပါတယ်။ ရဲအရာရှိ တယောက် အပါအဝင် လူ ၃ ယောက်ဟာ တနင်္လာနေ့က အကြမ်းဖက် ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရဲတွေနဲ့ စစ်သားတွေရဲ့ အကြမ်းဖက်မှု စွဲချက်တွေ၊ ဆက်တိုက် ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး အစိုးရက မှတ်ချက်တစုံတရာ မပြောသေးပါဘူး။
တောင်အာဖရိကနိုင်ငံ ပရက်တိုးရီးယားမြို့က ဇင်ဘာဘွေ သံရုံးရှေ့မှာလည်း ဆန္ဒပြသူတွေ စုရုံးခဲ့ကြပြီး ဖမ်းဆီးမှုတွေကို ရှုတ်ချခဲ့ပြီး အင်တာနက် နဲ့ ဖုန်းအဆက်အသွယ် ပြန်ရရေး တောင်းဆိုထားပါတယ်။
ဇင်ဘာဘွေ နိုင်ငံထဲမှာ အင်္ဂါနေ့ကစပြီး ဖုန်းနဲ့ အင်တာနက် အဆက်အသွယ် ဖြတ်တောက် ထားလို့ ဟာရာရဲမြို့က ဆွေမျိုးတွေနဲ့ ဆက်သွယ်နိုင်ဖို့ တောင်းဆိုတာလို့ ဆိုပါတယ်။
ဇင်ဘာဘွေ သမ္မတ အမ်မာဆန် မနန်ဂါဂွါက လောင်စာဆီ ဈေးနှုန်းကို ၁၅၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တဲ့အပေါ် လူတွေ အိမ်ထဲမှာပဲ ၃ ရက်ကြာနေပြီး သပိတ်မှောက်ဖို့ သမဂ္ဂတွေက ဆော်သြခဲ့ပါတယ်။