YBS ဘတ်စ်ကားတွေ ပြေးဆွဲနေတဲ့ ကုမ္ပဏီတွေထဲက ၀န်ဆောင်မှု ကောင်းတဲ့ ကုမ္ပဏီတွေကို အသိအမှတ်ပြုပြီး ဝန်ဆောင်မှုအားနည်းတဲ့ ကုမ္ပဏီတွေကိုတော့ Report Card ထုတ်ပြန်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ ပြုလုပ်တဲ့ YRTA ၂ နှစ်ပြည့် အခမ်းအနားမှာ ဝန်ဆောင်မှုကောင်းတဲ့ YBS ကုမ္ပဏီ ၆ခုကို YBS Best of the year 2018 ဆု ချီးမြှင့်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကုမ္ပဏီက ဟန်ပြသက်သက်တော့ လုပ်လို့ မရတော့ပါဘူး။ လာမယ့်နှစ်မှာ ဝန်ဆောင်မှု ကောင်းတဲ့ကုမ္ပဏီတွေကို အသိအမှတ်ပြုသလို အားနည်းနေတဲ့ ကုမ္ပဏီတွေကိုလဲ Report Card ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှု မပေးနိုင်တဲ့ ကုမ္ပဏီတွေကို အသိပေး အကြောင်းကြားမှုနဲ့အတူ နောင်ဒီလိုမျိုး ဝန်ဆောင်မှုမပေးနိုင်ဘူးဆိုရင် YBS မှာဘယ်လိုရှေ့ ဆက်သွားရမယ်ဆိုတာ ဆွေးနွေးဆုံး ဖြတ်သွားမယ်” လို့ပြောပါတယ်။
YBS ယာဉ်လိုင်းတွေကို ၂၀၁၇ ဇန်နဝါရီလ ၁၆ရက်နေ့က စတင်ပြေးဆွဲခဲ့ပါတယ်။
လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ လက်အောက်မှာ ယာဉ်လိုင်း ၁၀၀ကျော်၊ ယာဉ်စီးရေ ၄၀၀၀ကျော်ကို ကုမ္ပဏီ ၁၈ခုက တာဝန်ယူ ပြေးဆွဲနေပါတယ်။