နစ်ဆန်းဥက္ကဋ္ဌဟောင်း ကားလို့စ်ဂွန်းကို အာမခံပေးရန် တိုကျိုတရားရုံး ငြင်းပယ်

ဓာတ်ပုံ - Reuters
နစ်ဆန်းမော်တော် ကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌဟောင်း ကားလို့စ်ဂွန်းကို အာမခံမပေးဘူးလို့ ဂျပန်နိုင်ငံ တိုကျိုခရိုင် တရားရုံးက ဇန်နဝါရီ ၁၅ ရက်မှာ ငြင်းပယ်လိုက်တယ်လို့ NHK ရုပ်သံက ကြေညာပါတယ်။ သူ့ကို နိုဝင်ဘာ ၁၉ ရက်တည်းက ဖမ်းဆီး ထိန်းသိမ်းထားတာပါ။ ဂွန်းဟာ နစ်ဆန်းမော်တော်၊ မစ်ဆူဘီရှီမော်တော်နဲ့ ပြင်သစ်ပိုင် ရေးနော့မော်တော်ကား ကုမ္ပဏီတွေပါတဲ့ မဟာမိတ်လုပ်ငန်းရဲ့ အကြီးအကဲပါ။ သူဟာ ဝင်ငွေကို အစီရင်မခံမှု၊ ယုံကြည်မှု ချိုးဖောက်မှုတွေနဲ့ တရားစွဲခံထားရပါတယ်။ သူပိုင် ရင်းနှီးမြှုပ်နှံမှုတွေကို ယာယီလွှဲပြောင်းခဲ့လို့ ၂၀၀၈ ခုနှစ်မှာ နစ်ဆန်းအတွက် ဆုံးရှုံးမှု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ မနက်ပိုင်းမှာ ဂွန်းရဲ့ ရှေ့နေအဖွဲ့ အကြီးအကဲ မိုတိုနရိ အိုတစုရုနဲ့ ပြင်သစ်သံရုံးက အရာရှိတဦးတို့ အချုပ်ခန်းကနေ ထွက်သွားတာ တွေ့ရပါတယ်။ သူ့အမှုကို တရားရင်ဆိုင်နိုင်ဖို့ အချိန် ၆ လကျော် ယူရနိုင်တယ်လို့ ဂွန်းရဲ့ရှေ့နေတွေက အစောပိုင်းမှာ ပြောပါတယ်။ နစ်ဆန်းမော်တော်ရဲ့ အမှုဆောင်အရာရှိချုပ် ဟိရိုတို ဆာအိခါ့ဝါ့ကတော့ ဂွန်းရဲ့ အာမခံအရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို မှတ်ချက်ပေးဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။ ဘဏ္ဍာရေး တလွဲစီမံမှု စွဲချက်တွေအတွက် လုပ်ငန်းတွင်းစစ်ချက်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်ဖို့ ကုမ္ပဏီက စီစဉ်နေတယ်လို့ ဆာအိခါ့ဝါ့က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up