ထိုင်းနိုင်ငံတွင် ငွေဖြည့်စက် ဖောက်ထွင်းမှုဖြင့် မြန်မာ ၂ ဦး ဖမ်းဆီးခံရ
DVB
·
January 14, 2019
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုပ်ဖရမြို့မှာ ငွေဖြည့်စက် ဖောက်ထွင်းမှုနဲ့ မြန်မာ ၂ ဦး ဖမ်း ဆီးခံခဲ့ရပါတယ်။
ဖုပ်ဖရမြို့နယ် ဆီရီရတ်ဆဒွန်းကျေးရွာအုပ်စုရှိ ရပ်ကွက် ၉ နဲ့ ပါခါးရပ်ကွက်ထဲမှာ ငွေဖြည့်စက် ၂ လုံး ပျောက်ဆုံးသွားကြောင်း တိုင်ကြားချက်ရရှိတဲ့အတွက် စီစီကင်မရာတွေကနေ စစ်ဆေးကြည့်ရှုပြီး တရားခံ ၂ ဦးကို ပါခါးရပ်ကွက်ရှိ စာသင်ကျောင်းဘေးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဖုပ်ဖရ နယ်မြေရဲစခန်း စခန်းမှူး ဆုမ်ဖုန်းဆိုင်မန်းခါက မနေ့ကသတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါတရားခံ ၂ ဦးမှာ ကိုစိုး (၃၀ နှစ်) နဲ့ ချယ်ဝါ (၂၁ နှစ်) တို့ဖြစ်ပြီး ၂ ဦးလုံး မြန်မာနိုင်ငံ သားတွေဖြစ်ကြောင်း၊ သူတို့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက် ညလူခြေတိတ်ချိန်မှာ ငွေဖြည့်စက်တွေကို မီးကြိုးဖြုတ်၊ မူလီတွေဖြုတ်ကာ သယ်ဆောင်သွားကြောင်း၊ လူပြတ်တဲ့ နေရာမှာ စက်ကိုဖျက်ဆီး အထဲက ငွေတွေယူခဲ့တယ်လို့ ၀န်ခံထားပါတယ်။
စက်ထဲက ငွေတွေကိုတော့ အရက်ဝယ်သောက်လိုက်ပြီလို့ ပြောပါတယ်။ စက်ထဲမှာ ငွေဘယ်လောက်ရှိလဲဆိုတာတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။
“ဘွန်းတိမ်း” ၀န်ဆောင်မှုကုမ္ပဏီတံဆိပ်ပါ အဆိုပါငွေဖြည့်စက်ဟာ အများပြည်သူ ရေဖိုး၊ မီးဖိုး၊ တယ်လီဖုန်းဖိုး ကုန်ကျငွေတွေကို ရုံးထိသွားသွင်းစရာမလိုဘဲ စက်ကနေ ပေးသွင်းဖို့ စီစဉ်ထားတာဖြစ်ပါတယ်။