ဂရိ ကာကွယ်ရေးဝန်ကြီး ရာထူးကနုတ်ထွက်

ဓာတ်ပုံ - Reuters
ဂရိ ကာကွယ်ရေးဝန်ကြီး ပါနော့စ် ကမ်မယ်နော့စ်ဟာ မက်ဆီဒိုးနီးယားနိုင်ငံနဲ့ ကာလကြာရှည် နာမည်အငြင်းအခုန်ဖြစ်မှု အဆုံးသတ်ရေး သဘောတူညီချက်ကို ဆန့်ကျင်ပြီး ဇန်နဝါရီ ၁၃ ရက်မှာ ရာထူးက နုတ်ထွက်သွားပါတယ်။ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွေ မကျင်းပမီ လပိုင်းအလိုမှာ ညွန့်ပေါင်းအစိုးရ အဖွဲ့ထဲက အခုလို နုတ်ထွက်သွားတာပါ။ လက်ယာယိမ်း လွတ်လပ်သော ဂရိလူမျိုးများပါတီက ဝန်ကြီး ပါနော့စ် ကမ်မယ်နော့စ်ဟာ မနှစ်က ဂရိဝန်ကြီးချုပ် အလက်ဇီ စီပရက်စ်ရဲ့ အစိုးရနဲ့ အိမ်နီးချင်း မက်ဆီဒိုးနီးယားနိုင်ငံတို့ကြား လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်ကို ဆန့်ကျင်ခဲ့တာပါ။ ကမ်မယ်နော့စ်ကတော့ သူ့ပါတီက ဝန်ကြီးတွေကိုပါ အစိုးရအဖွဲ့ထဲက ဆွဲထုတ်မယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ်ကတော့ ကာကွယ်ရေးဝန်ကြီးရဲ့ နုတ်ထွက်လွှာကို လက်ခံပြီး လွှတ်တော်မှာ ယုံကြည်မှုအဆိုကို မဲပေးဖို့ တောင်းဆိုမယ်လို့ မနေ့က ပြောပါတယ်။ ဂရိနိုင်ငံမှာ လွှတ်တော် ရွေးကောက်ပွဲတွေကို အောက်တိုဘာမှာ ကျင်းပမှာပါ။ ဝန်ကြီးချုပ် စီပရက်စ်ရဲ့ ညွန့်ပေါင်းအစိုးရက လွှတ်တော်အတွင်း အမတ်နေရာ ၃၀၀ ထဲက ၁၅၃ နေရာကို ရထားပါတယ်။ အဲဒီထဲက ၁၄၅ နေရာကို သူ့ရဲ့ လက်ဝဲယိမ်း စီရီဇာပါတီက ရထားတာပါ။ ဂရိနိုင်ငံမှာ မက်ဆီဒိုးနီးယားပြည်နယ် ရှိပြီးသားမို့ အိမ်နီးချင်း ဘော်လ်ကန်နိုင်ငံငယ်လေး မြောက်မက်ဆီဒိုးနီးယား သမ္မတနိုင်ငံဆိုတဲ့ နာမည်ကို ကမ်မယ်နော့စ်က လက်မခံနိုင် ဖြစ်နေတာပါ။ နောင်တချိန်မှာ ဂရိအချုပ်အခြာပိုင်နက်အပေါ် စောင်းပါးရိပ်ခြည် ထိပါးလာမှာကို စဉ်းစားမိပြီး ဂရိအစိုးရက နာမည်ပြောင်းပေးဖို့ ကာလကြာရှည် တောင်းဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up