ကနေဒါတွင် သောင်တင်လာသည့် ပင်လယ်ဖျံကြီးများကြောင့် လမ်းပိတ်ဆို့မှုဖြစ်

သောင်တင်လာတဲ့ ပင်လယ်ဖျံတွေကြောင့် လမ်းတွေပိတ်ဆို့ကုန်လို့ ကနေဒါနိုင်ငံက မြို့တမြို့မှာ အရေးပေါ် အကူအညီတောင်းခံခဲ့ရတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ကနေဒါနိုင်ငံ ရော့ဒစ်တန်မြို့မှာ ဖြစ်ပွားခဲ့တာပါ။ သောင်တင်လာတဲ့ ပင်လယ်ဖျံကြီးတွေကြောင့် ဟာဒစ်တန်မြို့မှာ ကသောင်းကနင်းဖြစ်ပွားခဲ့ရပြီး ဒီဖြစ်ရပ်တွေကြောင့် မြို့တော်ဝင်က အကူအညီ တောင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပင်လယ်ဖျံကြီးတွေကြောင့် မြို့ထဲမှာရှိတဲ့ ကားလမ်းတွေလည်း ပိတ်ဆို့ကုန်ပြီလို့ မြို့တော်ဝန်ဖြစ်သူ ရှီလာဖစ်ဂီရတ်က ဒေသတွင်းမီဒီယာတခုကို ပြောပါတယ်။ မြို့တွင်းနေရာတွေမှာ ပင်လယ်ဖျံအနည်းဆုံးအကောင် ၂၀ လောက်ကို တွေ့ခဲ့ရပြီး ကားလမ်းပေါ်တွေအထိပါ ရောက်ရှိလာတာကြောင့် မတော်တဆမှုတွေဖြစ်ကာ ပင်လယ်ဖျံ နှစ်ကောင်လည်း သေဆုံးသွားခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီပင်လယ်ဖျံတွေကိစ္စကို ဖြေရှင်းပေးဖို့ ကနေဒါနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းနဲ့ သမုဒ္ဒရာရေးဌာနက တာဝန်ရှိသူတွေ ရော့ဒစ်တန်ကို ရောက်ရှိနေပြီလို့လည်း သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့ကလည်း ဒီပင်လယ်သတ္တဝါတွေကို အနှောင့်အယှက်ပေးတာဟာ တရားဥပဒေကို ချိုးဖောက်တာဖြစ်ပြီး အန္တရာယ်ရှိတာကြောင့် သူတို့ကို သင့်တော်တဲ့ ပစ္စည်းကိရိယာမပါဘဲ ဖမ်းဆီးခြင်းမလုပ်ဖို့ကိုလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up