Home
မြန်မာသတင်း
တပ်မတော်က လုံခြုံရေးယူပေးသဖြင့် ကွမ်းလုံမြို့နယ်က မြောင်ဇီးတိုင်းရင်းသားများ နေရပ်ပြန်
ခွန်ဇော်ဦး
·
January 14, 2019
49937811_2205566616367269_1072571578555826176_n
49759833_2205413023049295_8523121127260684288_n
49658237_2205413326382598_4689035497505292288_n
49351459_2205413179715946_5199561861795676160_n
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်ထဲက ထွက်ပြေးတိမ်းရှောင်လာတဲ့  မြောင်ဇီး လူနည်းစုတိုင်းရင်းသား ၅၀၀ ကျော်ကို တပ်မတော်က လုံခြုံရေးယူပေးထားတာကြောင့် နေရပ်ကို ပြန်သွားကြပါတယ်။ ကွမ်းလုံမြို့နယ်၊ ဖာဖိန်ကျေးရွာအုပ်စုမှာရှိတဲ့ မြောင်ဇီးတိုင်းရင်းသားကျေးရွာတွေက ရွာလူကြီးတွေနဲ့ ရွာသား ၁၆ ဦးကို MNDAA ကိုးကန့်တပ်ဖွဲ့က ခေါ်ဆောင်သွားပြီး တပ်သား သစ်လည်း စုဆောင်တာကြောင့် အဲ့ဒီကျေးရွာအုပ်စုက ရွာသားတွေဟာ ဇန်န၀ါရီ ၆ရက် မနက်က ဟိုလီကျေးရွာဘက်ကို  ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။ အဲ့ဒီလို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဖာဖိန်ကျေးရွာအုပ်စုအတွင်းက ကျန်ကြာကြိုင်း၊ ကြူကော်ယွင်း၊ ဟိုပုံ၊ မန်ဟွယ်နဲ့ ညိုချန်းကျေးရွာက မြောင်ဇီးလူမျိုးရွာ သူရွာသား ၅၀၀ ကျော်ကို တပ်မတော်က အဲ့ဒီကျေးရွာတွေအနီးမှာ အခြေချစခန်းတည် လုံခြုံရေးဆောင်ရွက်ပေးတာကြောင့် ဇန်န၀ါရီ ၁၂ ရက် ညနေပိုင်းက ရွာသားတွေနေရပ်ပြန်ကြတာပါ။ ဟိုလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စိန်က “သူတို့ရွာမှာ ပြန်နေဖို့ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းက ပြောတော့ သူတို့တွေ မပြန်ရဲပဲ ကြောက်နေကြတယ်။ သူတို့က လူနည်းစုဖြစ်တော့ ကိုးကန့်တပ်ဖွဲ့က အချိန်မရွေး လူသစ်လာ စုဆောင်းနိုင်တယ်လို့ပြောတယ်။ ဒီတော့ သူတို့ကို အစည်းအဝေးလုပ်ပြီး သေခြာမေးကြည့်တော့ သူတို့ရွာနဘေးက တပ်စခန်း ဟောင်းမှာ တပ်မတော်က စခန်းပြန်လာထိုင်ပေးရင် သူတို့တွေ ရွာပြန်မယ်လို့တောင်းဆိုလာလို့ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းက ကွမ်းလုံဗျူဟာကို တင်ပြတော့ ဗျူဟာက သဘောတူပြီး သူတို့လုံခြုံရေးအတွက် စခန်းတည်ပေးလိုက်လို့ သူတို့တွေ ရွာပြန်သွားကြပါပြီ”လို့ ပြောပါတယ်။ မြောင်ဇီးလူမျိုးကျေးရွာသားတွေ နေရပ်မပြန်ခင်မှာဘဲ MNDAA ကိုးကန့်တပ်ဖွဲ့က ခေါ်ဆောင်သွားတဲ့ ရွာသားတွေထဲက ကျူကြာကြိုင်း ရွာသားသုံးဦးဟာ ဇန်န၀ါရီ ၉ ရက်နေ့က ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။ အဲ့ဒီလို ထွက်ပြေးလွတ်မြောက်လာသူသုံးဦးနဲ့ မိသားစုဝင်တွေကတော့ နေရပ်မပြန်သေးဘဲ ဘေးကင်းရာမှာ ခိုလှုံနေရပါတယ်။ “ကျနော်တို့ကို ကိုးကန့်တပ်က ခေါ်သွားတာ အားလုံး ၁၆ ယောက်ရှိတယ်။ တရွာဝင်တရွာထွက်နဲ့ သံလွင်မြစ်ကမ်းနဘေးဘက်ရောက်သွားတယ်။ အဲ့ဒီ နေ့တွေက မိုးတွေ ဆက်တိုက်ရွာနေပြီး မိုးလည်းချုပ်ပြီဆိုတော့ သံလွင်ကမ်းကို မကူးတော့ဘူးလို့ သူတို့ခေါင်းဆောင်က ဆုံးဖြတ်ပြီး ကမ်းနဘေးမှာ အားလုံး အိပ်ကြတယ်။ ကျနော်တို့ မနက်ရောက်လို့ သံလွင်ဟိုဘက်ကမ်းရောက်သွား ကျနော်လို့ မိသားစုဆီ ပြန်တွေ့ချင်မှ တွေ့ရတော့မှာမို အားလုံးအိပ်ပြီထင်တဲ့ အချိန် ကျနော်တို့ သုံးယောက် ထွက်ပြေးလာခဲ့တယ်” လို့ ထွက်ပြေးလွတ်မြောက်လာသူ တဦးကပြောပါတယ်။ MNDAA ကိုးကန့်တပ်ဖွဲ့က ခေါ်ဆောင်သွားတဲ့ ရွာသား ၁၆ ဦးထဲက ဖတ်တူရွာသား ကိုး ဦးနဲ့ သာချုတ်တီး ရွာသားလေးဦးကတော့  ပြန်လွတ်မလာသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ MNDAA ကိုးကန့်တပ်ဖွဲ့ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် အဆက်သွယ်မရခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024