မြွေအရောင်းအဝယ် လုပ်နေသူများအား သစ်တောဥပဒေဖြင့် အရေးယူ
DVB
·
January 13, 2019
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နတ်နန်းရွာမှာ ဇန်နဝါရီ ၁၂ ရက်က မြွေ အရောင်းအဝယ်လုပ်နေတဲ့ အမျိုးသမီး ၂ ဦးကို သစ်တောဥပဒေနဲ့ အရေးယူလိုက်ပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်ကျော်စွာလင်းက “သစ်တောဦးစီးက တရားလို လုပ်ပါတယ်။ မြွေ ၂၃ ကောင် နဲ့ အမျိုးသမီး ၂ဦး ကို သစ်တောဥပဒေနဲ့ အရေးယူထားပါတယ်။ အလေးချိန် ၁၂ ပိဿာ ကျော်ပါတယ်”လို့ ပြောပါတယ်။
မြွေအရောင်းအဝယ်လုပ်နေတဲ့ သတင်းအရ သစ်တောဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့တာပါ။
နတ်နန်းရွာနေ ဒေါ်ခင်ဝိုင်းအိမ်က လင်းမြွေ ၈ ကောင်နဲ့ နတ်နန်းရွာ ရွာလမ်းမပေါ် မယဉ်ဌေးရဲ့ လက်ဆွဲခြင်းတောင်းအတွင်း အဝတ်အိတ်နဲ့ ထည့်ထားတဲ့ လင်းမြွေ ၁၅ ကောင်ကိုလည်း ဖမ်းမိတာကြောင့် စုစုပေါင်း လင်းမြွေ ၂၃ ကောင် ဖမ်းမိပါတယ်။
မခင်ဝိုင်းနဲ့ မယဉ်ဌေးတို့ကို ထောင် ၃ နှစ် ဒါမှမဟုတ် ငွေဒဏ် ၅ သိန်း အပြစ်ပေးနိုင်တဲ့ သစ်တောဥပဒေ လိုင်စင်မရှိဘဲ အမဲလိုက်မှု ပုဒ်မ ၃၉(က)အရ ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-မောင်မောင်လင်း