Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧက ၈၅ဝဝ ခန့်ရှိ
ပိုင်စိုး
·
January 12, 2019
တနိုင်ငံလုံးမှာ ဘိန်းစိုက်ဧက ၈၅၀၀၀ လောက်ရှိနေတယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။ ရန်ကုန်မှာ မနေ့က လုပ်တဲ့ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းအစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ပြောဆိုခဲ့တာပါ။ ဒီအစီရင်ခံစာကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တရားမဝင်သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ အခြေအနေကို သိရှိနိုင်ဖို့နဲ့ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေရဲ့ ဘိန်းစိုက်ပျိုးမှုအပေါ် မှီခိုနေရတဲ့ လူမှုစီးပွားအခြေအနေတွေကို သိရှိနိုင်ဖို့ ဆောင်ရွက်ခဲ့တာလို့ မူးယစ်ဗဟိုအဖွဲ့ဝင် ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်တာဟာ ၂၀၀၆ ခုနှစ်မှာ ဟက်တာ ၂၁၅၀၀ (ဧကပေါင်း ၅၃၀၀၀ ကျော်) အထိ အနိမ့်ဆုံးကို ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ပြန်လည် မြင့်တက်ခဲ့တယ်လို့ သူက ပြောပါတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ဟက်တာ ၅၅၀၀၀ (ဧက ၁၃၅၀၀၀ ကျော်) ရှိခဲ့ရာက ၂၀၁၇ ခုနှစ်မှာ ဟက်တာ ၄၁၀၀၀ (ဧက ၁၀၁၀၀၀ ကျော်) အထိ လျော့သွားတယ်လို့ ပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဟက်တာ ၃၄၃၀၀ (၈၄၇၄၇ ဧက) စိုက်ပျိုးခဲ့တယ်လို့လည်း ပြောပါတယ်။ ဘိန်းကို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အများဆုံးစိုက်ပျိုးပြီး ချင်းနဲ့ ကယားပြည်နယ်တို့မှာလည်း စိုက်ပျိုးကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘိန်းစိုက်ပျိုးတာ ပပျောက်ဖို့အတွက် ၁၉၉၉ ခုနှစ်ကစပြီး မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းနဲ့ နောက်တိုး ၅ နှစ် စီမံကိန်းတွေကို ၂၀၁၉ ခုနှစ်ထိ ရေးဆွဲထားတယ်လို့ ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။ အခုအခါ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့တို့နဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လောင်းမြို့နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တို့မှာ ရေရှည်တည်တံ့မယ့် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။ ဓာတ်ပုံ - UNODC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024