Home
မြန်မာသတင်း
ပုလဲမြို့တွင် ကျပ်သိန်း ၁၂၀၀ ကို ကျေးလက်ဦးစီးဌာနက ရွာ ၁၂ ရွာကို ထောက်ပံ့
DVB
·
January 11, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့မှာ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနကနေ ပြည်ထောင်စု ရန်ပုံငွေနဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (VDP) နဲ့ မြို့နယ်တွင်း ကျေးရွာ ၁၂ ရွာကို ထောက်ပံ့ငွေတွေ ဇန်နဝါရီ ၁၀ ရက်နေ့က လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။ အခုထောက်ပံ့တာက တတိယအကြိမ်ဖြစ်ကာ ပထမအကြိမ်မှာ ၁ ရွာ၊ ဒုတိယအကြိမ်မှာ ၃ ရွာကို ရွေးချယ်ထောက်ပံ့ပေးအပ်ခဲ့တာပါ။ “အခုပေးတဲ့ ရွာကတော့ ပုလဲမြို့နယ်အတွင်းက အိမ်ခြေ ၁၀၀ ကျော်တဲ့ ရွာတွေကို ရွေးပြီးထောက်ပံ့တာပါ။ ဒီငွေက မြစိမ်းရောင်လိုချေးငွေတော့ မဟုတ်ဘူး။ အပြီးပေးတာ။ ကော်မတီတွေ ဖွဲ့ပြီးရင် ရွာရဲ့ သဘောတူညီချက်နဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ ဖြစ်တဲ့ လမ်းတံတား၊ ဆေးခန်း၊ ရေတွင်း စသဖြင့် လုပ်နိုင်တယ်။ နောက်နှစ်တွေမှာလည်း ရရှိတဲ့ ဘက်ဂျက်အပေါ် မူတည်ပြီး ပေးအပ်သွားမှာပါ” လို့ ပုလဲမြို့နယ် ကျေးလက်ဦးစီးမှူး ဦးဖြိုးကျော်က ပြောပါတယ်။ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ပုလဲမြို့နယ် လွှတ်တ်ေကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တက်ရောက်ခဲ့ကြပါတယ်။ ပေးအပ်တဲ့ ငွေတွေကို အလွဲသုံးစားတာတွေ မဖြစ်အောင်လည်း စောင့်ကြပ်စစ်ဆေး သွားမှာဖြစ်ပြီး ရွာရဲ့ လိုအပ်ချက်အရ သုံးတာ ဟုတ်မဟုတ်ဆိုတာတွေလည်း စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ ပုလဲမြို့နယ်မှာ ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၉ အုပ်စု၊ ကျေးရွာပေါင်း ၁၈၉ ရွာ ရှိပါတယ်။ အဲဒီထဲက အခုပေးအပ်ခဲ့တာက မင်းတိုင်ပင်၊ ကုက္ကိုစု၊ ခင်အေး၊ လဲကန် စတဲ့ ရွာကြီး ၁၂ ရွာကို ၁ရွာကို ကျပ်သိန်း ၁၀၀ စီနဲ့ ကျပ်သိန်းပေါင်း ၁၂၀၀ ပေးအပ်ခဲ့တာပါ။ ပုလဲမြို့နယ် ကျေးလက်ဦးစီးဌာနအနေနဲ့ အခုလို ကျေးလက်ဖွံ့ဖြိုးရေးအပြင် မြစိမ်းရောင်၊ ကျေးလက် မီး၊ ရေရှိရေး စတာတွေကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024