ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ရွာစပ်မှာ ပိုက်ချစားတဲ့ ရွာသားတွေရဲ့ပိုက်ကို အင်းသူကြီးက ဖြုတ်သွားတဲ့အတွက် ရွာသား ၅၀ လောက်ဟာ ဟင်္သာတမြို့ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
သဖန်းညိုကျေးရွာ၊ ညောင်ပင်စုကျေးရွာနဲ့ ရွာသစ်စုကျေးရွာက ရွာသား ၅၀ လောက်ဟာ သူတို့ပိုက်တွေကို အင်းသူကြီးက ဖြုတ်ယူသွားတဲ့အပေါ် အမှုဖွင့်ဖို့ တလုပ်ထော်ကျေးရွာရဲစခန်းက လက်မခံလို့ မြို့ပေါ်တက်ပြီး အမှုဖွင့်တာ ဖြစ်ပါတယ်။
ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ငါးလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတွေက ဒီနေ့ ကတိပေးတယ်လို့ ရွာသားတွေကို လိုက်ပါကူညီတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကွန်ရက်က ကိုကျော်လွင်က ပြောပါတယ်။
“ဟင်္သာတမှာ ခေါ်ပြီး အမှုဖွင့်တယ်။ အင်းကို အများပြည်သူ အချိန်မရွေး ရှာဖွေဖမ်းဆီး စားသုံးနိုင်တဲ့ အများအင်းအဖြစ် ကင်းလွတ်ခွင့်ရဖို့အတွက် အဆင့်ဆင့် ၀န်ကြီးဌာနနဲ့ အစိုးရအထိ တင်နေပြီဆိုတဲ့အကြောင်းပေါ့။ ငါးလုပ်ငန်းဦးစီးရော၊ တာဝန်ရှိသူတွေရော၊ မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေရော၊ အကုန်လုံးရဲ့ ရှေ့မှာ ကတိပေးတာပါ။”
ပိုက်ဖြုတ်သွားတဲ့ အင်းသူကြီးကိုလည်း ငါးလုပ်ငန်းဦးစီးက ခေါ်ယူဆုံးမမယ်လို့ ဆိုပါတယ်။
ဒီအင်းတွေဟာ အရင်တုန်းက အများသူငါ ငါးရှာစားနိုင်တဲ့ ဘုံစားအင်းဖြစ်ပြီး ၁၉၉၄ ခုနှစ်လောက်မှာ ငါးမွေးကန်တွေဖော်ပြီး ဂရမ်တွေ ချပေးတဲ့အတွက် နယ်မြေခံတွေဟာ ဝေးလံတဲ့နေရာတွေမှာ ရှာဖွေစားသောက်နေကြရတာပါ။ ရွာသားတွေက ဂရမ်အင်းကိုရုပ်သိမ်းပြီး ဘုံစားအင်းပြန်လုပ်ဖို့ စုပေါင်းလက်မှတ်ထိုးပြီး တင်ပြခဲ့ဖူးပေမယ့် မထူးသေးပါဘူး။
ဒီနေ့ တွေ့ဆုံရာမှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ သဖန်းညိုရွာသား ဦးချစ်သန်းက “ကျနော်တို့ တင်တာက ၂၀၁၂ ခု ၁ လပိုင်းက တင်တာ။ ၂၀၁၁ ခုနှစ်က ဂရမ်ကို ထုတ်ပေးတယ်ဆိုတဲ့အကြောင်းကို ပြောပါတယ်။ ကျနော်တို့ကလည်း ထုတ်ပေးတဲ့ဟာကို ကျနော်တို့ နားလည်မလည်ဘူး။ သိလည်း မသိဘူး။ ခုထိလည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းမကြားဘူး။ ကျနော်တို့လိုချင်တာက ပြည်သူအများအတွက် ရှေ့အစဉ်အဆက်က လုပ်လာသလို ဘုံစားပဲ လိုချင်တယ်လို့ တောင်းခံတဲ့အခါကျတော့ သူတို့က အထက် တိုင်းအထိတင်ပေးမယ်လို့ ပြောပါတယ်။”
ဘုံစားအင်းတွေအဖြစ် ပြန်ပြောင်းပြီး ရွာသားတွေ ရှာစားပိုင်ခွင့်ပေးမယ်လို့ သက်ဆိုင်ရာက ကတိပြုလိုက်ပေမယ့် ဘယ်အချိန်မှာ ဘုံစားအင်းအဖြစ် အသက်ဝင်မယ် ဆိုတာကတော့ တိတိကျကျ မသိနိုင်သေးပါဘူး။










