တိရစ္ဆာန်သန်းခေါင်စာရင်းထုတ်ပြန်၊ ကျွဲနွားကောင်ရေ ၁၁သန်းခွဲခန့်ရှိ

362
မွေးမြူရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ မွေးမြူရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေ တိကျစွာ သိရှိစေဖို့ ရည်ရွယ်ပြီး အစိုးရက တိရစ္ဆာန်သန်းခေါင်စာရင်းကောက်ယူ ထုတ်ပြန်လိုက်ပါတယ်။
နေပြည်တော်ဟိုတယ်ဇုန်မှာ ဇန်န၀ါရီ ၁၀ရက်ကပြုလုပ်ခဲ့တဲ့ တိရစ္ဆာန်ကောင်ရေ စာရင်း အတည်ပြု ထုတ်ပြန်ခြင်း အခမ်းအနားမှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
စာရင်းတွေအရ မွေးမြူထားတဲ့ ခိုင်းနွား ကောင်ရေ ၉ ဒသမ ၅ သန်း ၊ နို့စားနွား ဝ ဒသမ ၁၁ သန်း၊ ကျွဲကောင်ရေ ၁ ဒသမ ၈ သန်း၊ သိုး၊ ဆိတ်ကောင်ရေ ၂ ဒသမ ၁ သန်း၊ ဝက်ကောင်ရေ ၅ ဒသမ ၈ သန်း၊ ကြက်ကောင်ရေ သန်း ၇ဝ ၊ ဘဲ၊ ကြက် ဆင်၊ ဘဲငန်း၊ မန်ဒါလီ ၈ ဒသမ ၉ သန်းနဲ့ ခွေးကောင်ရေ ၃ ဒသမ ၈ သန်းရှိပါတယ်။
ဒီစာရင်းတွေကို မြို့နယ်ပေါင်း ၂၇၅ မြို့နယ်ရှိ ကျေးရွာပေါင်း ၁၂,၂ဝ၃ နဲ့ ရပ်ကွက် ၅၃ဝ က အိမ်ထောင်စုပေါင်း ၁.၅၆၇,ဝ၇ဝ မှာ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ဇန်န၀ါရီ၊ ဖေဖော်ဝါရီနဲ့ မေလတို့မှာ ကွင်းဆင်းကောက်ယူခဲ့တာဖြစ်တယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဌာနအနေနဲ့ တိရိစ္ဆာန်ကောင်ရေစာရင်းကို အခြေခံကာ အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသား၊ နို့၊ ဥ၊ နို့ထွက်ပစ္စည်း၊ အခြားမွေးမြူ ထုတ်လုပ်နိုင်မှုနဲ့ စွမ်းအားကို တွက်ချက်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီတိရစ္ဆာန်ကောင်ရေ စာရင်းကိုအခြေခံပြီး နိုင်ငံတော်ရဲ့ အနာဂတ်စီမံကိန်းတွေ ရေးဆွဲချမှတ်ရာမှာလည်း အထောက်အပံ့ ဖြစ်စေတော့မှာဖြစ်ပါတယ်။