DVB Logo
Home
မြန်မာသတင်း
မြိတ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ဒေသခံများ ကန့်ကွက်
DVB
·
September 14, 2012
မြိတ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ဒေသခံများ ကန့်ကွက်
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံဟာ ဒေသခံပြည်သူတွေအတွက် ဆိုးကျိုးဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေနိုင်တာကြောင့်  ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။

မြိတ်မြို့နဲ့ ၁၇ မိုင်အကွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ မြို့နယ်လုပ်ငန်းရှင်များအဖွဲ့နဲ့  လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက   ပြီးခဲ့တဲ့ ဩဂုတ်လက သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး  ဒီစီမံကိန်းကို ၁ နှစ်ခွဲအတွင်း အပြီးတည်ဆောက်ဖို့ ကြေညာထားခဲ့တာပါ။

[caption id="attachment_30807" align="alignleft" width="300" caption="မြိတ်မြို့ရှုခင်း (ဓာတ်ပုံ- မြိတ်ချစ်သူ)"][/caption]

စက်ရုံတည်ဆောက်မယ့်နေရာဟာ သမုတ်၊ လော့လော့၊ ရွဲကူးနဲ့ ကျောက်ဖျာရွာတွေနဲ့ ၁ မိုင် ပတ်ဝန်းကျင်ပဲ ဝေးတဲ့အတွက် စက်ရုံကနေ ထွက်ရှိလာမယ့် ရေဆိုးတွေကြောင့် ဒေသခံပြည်သူတွေ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ကန့်ကွက်ကြတာလို့ မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပြန်ကြားရေး တာဝန်ခံ ကိုတင်ကိုကိုဦးက ပြောပါတယ်။

“ကျောက်မီးသွေးကို ရေဆေးပြီး စွန့်ထုတ်လိုက်တဲ့ ရေဆိုးက အန္တရာယ်အကြီးဆုံးပဲ။ အဲရေဆိုးက ကမ္ဘာပေါ်မှာ နျူကလီးယားစက်ရုံကထွက်တဲ့ ရေဆိုးပြီးရင် ဒုတိယ အန္တရာယ်အကြီးဆုံး ဓာတုဗေဒအဆိပ်တွေ ထွက်တယ်။ အဲရေဆိုးမှာ ဘာပါလဲဆိုတော့ အာဆင်းနစ်အဆိပ်ပါတယ်၊ ကန့်ပါတယ်၊ ပြဒါးပါတယ်၊ ပြဒါးကဖမ်းလို့မရဘူး။ မီးလောင်ရင် အငွေ့ပျံပြီး လေထုထဲကို အပေါ်တက်သွားတယ်၊ တိမ်တိုက်ထဲမှာရေထုနဲ့တွေ့ပြီး မိုးရွာချတယ်။ ပြီးရင် အဲ့ပြဒါးကပြန်ပါလာတယ်၊ သစ်ပင်တွေနဲ့တွေ့ရင် သစ်ပင်တွေ ပြဒါးနဲ့ထိပြီး သေမယ်။ ပြီးရင် စက်ရုံကထွက်လာတဲ့ ရေဆိုးကို ဘယ်မှာသွန်မလဲ၊ သမုတ်ချောင်းထဲမှာပဲ ပြန်သွန်မယ်ဆိုရင် ဒါက အဆိပ်ဗျ၊ အဲမြစ်ထဲမှာရှိတဲ့ ငါး၊ ပုစွန် သတ္တ၀ါတွေ သေမှာ။ အဲ့ ငါး၊ ပုစွန်တွေကို လူတွေက စားမိရင်လည်း လူတွေထပ်ပြီး အဆိပ်ဖြစ်ဦးမယ်၊ ဒါကြောင့် ကန့်ကွက်ရတာပါ။”

၈၈မျိုးဆက်တွေဟာ ပြီးခဲ့တဲ့လက  ဒီကျောက်မီးသွေး စက်ရုံကြောင့် ဖြစ်ပေါ် လာမယ့် ကောင်းကျိုးဆိုးပြစ်တွေကို  လူထုကိုချပြခဲ့ပြီးနောက်  စက်ရုံတည်ဆောက်မယ့် နေရာနဲ့ နီးတဲ့ ကျေးရွာတွေက ရွာသူရွာသားတွေက ဒီစက်ရုံမဆောက်ဖို့ နိုင်ငံတော်သမ္မတဆီ အသနားခံစာပေးပို့ခဲ့ပါတယ်။

အခုလည်း မြိတ်မြို့ပေါ်မှာ ကျောက်မီးသွေးစက်ရုံနဲ့ပတ်သက်တဲ့ ပညာပေးစာတွေကို ဖြန့်ဝေတာ ရှိသလို ကျောက်မီးသွေးစက်ရုံကန့်ကွက်တယ်ဆိုတဲ့ စတစ်ကာတွေကို ဆိုင်ကယ်ဦးထုပ်တွေမှာ ကပ်ပြီး ပညာပေးမှုတွေလုပ်နေတယ်လို့ ကိုတင်ကိုကိုဦးက ဆက်ပြောပါတယ်။

“စတစ်ကာပေါ်မှာ ကျောက်မီးသွေးကို အနီနဲ့ရေးထားပြီး ကြက်ခြေခတ်ထားတယ်။ အောက်မှာ သဘာဝဓာတ်ငွေ့လို့ရေးထားတယ်၊ အဲဒါကိုတော့ အမှန်ခြစ် အစိမ်းရောင်နဲ့ ဆိုလိုချင်တာ ကျောက်မီးသွေးကိုတော့ မသုံးပါနဲ့။ လျှပ်စစ်ကိုလိုတာတော့ ကျနော်တို့လည်းလိုတာပဲ။ မီတာခ သက်သက်သာသာနဲ့ လျှပ်စစ်မီး ကျနော်တို့လည်း လိုချင်တယ်။ ဒါပေမယ့် လူတွေ ဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ အန္တရာယ်ကင်းတဲ့ သဘာဝဓာတ်ငွေ့သုံးစေချင်တယ်။ တနသာင်္ရီတိုင်းမှာဆို သဘာဝဓာတ်ငွေ့ ထွက်တာပဲ။ ဘေးထွက် ဆိုးကျိုးတွေအများကြီးဖြစ်တဲ့နေရာနဲ့ ဝေးတဲ့နေရာကို ထုတ်ပေးဖို့ တောင်းဆိုတဲ့၊ ဒါမှမဟုတ်လည်း ဖျက်သိမ်းပြီး သဘာဝဓာတ်ငွေ့ အစားထိုး သုံးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုလုပ်နေတာဖြစ်တယ်။”

မြို့ပေါ်က လူငယ်ဆရာဝန်များကွန်ယက်အဖွဲ့တွေကလည်း ကျောက်မီးသွေးစက်ရုံနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို စာထုတ်ဖြန့်ဝေတာရှိတယ်လို့ ဆိုပါတယ်။

ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့် ကုမ္ပဏီတွေ ကတော့  မြိတ်ခရိုင် အတွင်း လျှပ်စစ်စွမ်းအားအပြည့်အ၀ သုံးစွဲနိုင်ရေးနဲ့ ဒေသတွင်း စက်မှုလုပ်ငန်းများ တိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်တည်ဆောက်တာလို့ ဆိုပါတယ်။ ဒါ့ပြင် စက်ရုံကြောင့်  သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့နဲ့ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့လည်း ကြေညာထား ပါတယ်။

ကန့်ကွက်သူတွေဘက်ကတော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သက်ရှိ သတ္တ၀ါတွေ ပျက်စီးနိုင်သလို ရေကြောခမ်းခြောက်ပြီး အပင်တွေမပေါက်နိုင်တော့ဘဲ ရာသီဥတု ဖောက်ပြန်ကာ ကန္တာရတွေဖြစ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

အလားတူပဲ တနင်္သာရီတိုင်း ကော့သောင်းမြို့လူနေရပ်ကွက်မှာ တည်ဆောက် ထားတဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကိုလည်း ဒေသခံတွေအပြင် နိုင်ငံရးပါတီတွေကလည်း ကန့်ကွက်မှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013