DVB Logo
Home
မြန်မာသတင်း
“မှားနေတာကို မှန်တာလုပ်လို့မရဘူး။ မှန်တယ်ဆိုရင် ဝန်ကြီးထောင်ထဲသွားရမယ်”- ဦးဖြိုးမင်းသိန်း
DVB
·
January 10, 2019
“မှားနေတာကို မှန်တာလုပ်လို့မရဘူး။ မှန်တယ်ဆိုရင် ဝန်ကြီးထောင်ထဲသွားရမယ်”- ဦးဖြိုးမင်းသိန်း
Donate to DVB

မီဒီယာအနေနဲ့ ဆောင်းပါးဖော်ပြရာမှာ မှားနေတယ်ဆိုရင် အမှားကိုလက်ခံဖို့နဲ့ အမှားကို အမှန်လုပ်လို့မရကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ အလဲဗင်းမီဒီယာတို့အကြား ဖြစ်ပွားနေတဲ့အမှုကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မှာ   မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတာဝန်ရှိသူတွေ၊ အလဲဗင်းမီဒီယာ တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းစဉ်မှာ ပြောကြားခဲ့တာပါ။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “အဲဒီဆောင်းပါးရဲ့ နောက်ဆုံးကောက်ချက်။ ပြီးခဲ့တဲ့ အနှစ် ၅ဝ အုပ်ချုပ်ခဲ့တဲ့ အစိုးရကလည်း ဒီလိုပဲ ပြည်သူ့ဘဏ္ဍာငွေကို ကိုယ့်ငွေလုပ်တယ်။ အခု ၅ နှစ်တောင် မပြည့်သေးတဲ့အစိုးရက ပြည်သူ့ဘဏ္ဍာငွေတွေကို လူပုဂ္ဂိုလ်နာမည်ပြောင်းတယ်ဆိုတဲ့ နောက်ဆုံးကောက်ချက် ဖြစ်ပါတယ်။ ဒီဟာက လုံးဝမှားယွင်းနေပါတယ်။ ကျနော်ဆိုလိုချင်တာ ကျနော်တို့ကို ဝမ်းနည်းပါတယ်ပဲဖြစ်ဖြစ်၊ တောင်းပန်ပါတယ်ပဲဖြစ်ဖြစ် ဘာမှ အရေးမကြီးပါဘူး။ ဒါတွေဟာ လူပုဂ္ဂိုလ်တယောက်အတွက် ဘာမှ အရေးမကြီးဘူး။ အချက်အလက် မှားခြင်း မှန်ခြင်း က အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ဒါမှားနေတယ် မှားနေတာကို မှားနေတယ်လို့ လက်ခံရမယ်။ မှားနေတာကို မှန်တာလုပ်လို့မရဘူး။ မှန်တယ်ဆိုရင် ဝန်ကြီးထောင်ထဲသွားရမယ်။ အဖြေက ရှင်းရှင်းလေးပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်ပါ ဆောင်းပါးပါ အချက်အလက်တွေဟာ မှားယွင်းနေတယ်ဆိုပြီး  အလဲဗင်း အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို ရန်ကုန်တိုင်းအစိုးရက တရားစွဲခဲ့ပါတယ်။

ဒီအမှုကိစ္စသမ္မတရုံးရဲ့ ညွှန်ကြားချက်ထွက်လာအပြီးမှာ ရန်ကုန်တိုင်းအစိုးရက အမှုပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ ကြားဝင်ညှိနှိုင်းပေးဖို့   အောက်တိုဘာ၁၈ ရက်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က လာရောက်တိုင်ကြားခဲ့တာပါ။

ဒီအမှုကိစ္စနဲ့ ပတ်သတ်လို့ ရန်ကုန်တိုင်းအစိုးရနဲ့ အလဲဗင်းမီဒီယာတို့အကြားမှာ သတင်းမီဒီယာကောင်စီက ညှိနှိုင်းပေးနေတာဖြစ်ပြီး ဒီကနေ့တော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ကောင်စီကို လာရောက်ပြီး ဆောင်ပါးပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုဟာ ၁ နာရီခွဲနီးပါး ကြာမြင့်ပြီးတော့ ဝန်ကြီးချုပ်ဘက်ကလည်း ဆောင်းပါးပါအချက်အလက်တွေကိုပြန်လည်ရှင်းလင်းသလို အလဲဗင်းမီဒီယာဘက်ကလည်း သူတို့ ရေးသားရတဲ့ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

တွေ့ဆုံညှိနှိုင်းမှုအပြီး နောက်ဆုံးမှာတော့ အလဲဗင်းဘက်ကလည်း ဆောင်းပါးပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီးသတင်းရင်းမြစ်တွေဆီက ရယူသတင်းရေးသားခဲ့ရတာတွေကို  စာမူတစောင်ရေးသားပြီး သတင်းမီဒီယာကောင်စီကတဆင့် ဝန်ကြီးချုပ်ထံကို ပေးပို့သွားမယ်လို့ အလဲဗင်းအယ်ဒီတာချုပ် ကိုကျော်ဇောလင်းကပြောပါတယ်။

“ကောက်ချက်ချလိုက်တော့ ရေးလိုက်တဲ့အထဲမှာ ဘာကတော့ လွဲသွားတယ်ပေါ့နော်။ လွဲသွားတဲ့အချက်ကို သူတို့က ကျနော်တို့ကိုပြောတယ်။ အိုကေ၊ ကျနော်တို့ကလည်း ဒီဟာရတာက ဘယ်အရင်းအမြစ်ကရတယ်။ ဘယ်လိုရေးတယ်။ အဲဒီအတွက် ဘာကြောင့်ဖြစ်ပါတယ်ဆိုတဲ့ အချက်လေးတွေကို ကျနော်တို့က သတင်းမီဒီယာကောင်စီကို ပြန်ပြောရမယ်။ ပြန်ပြောတဲ့အခါမှာ သတင်းမီဒီယာကောင်စီက ကျနော်တို့ စာပေးမယ်ပေါ့နော်။ လွဲမှားမှုရှိတယ်ဆိုရင် ဘယ်လိုလွဲမှားလဲ။ ကျနော်တို့ရတဲ့ အချက်အလက်က ဘယ်လို၊ ဝန်ကြီးချုပ်က ဘယ်လိုပြောတယ်၊ ဒီအချက်အလက်တွေကတော့ ဒီလိုဖြစ်တယ်။ ဒီလိုမဟုတ်ပါဘူး၊ ဒီလိုလုပ်ရပါတယ်။ ဒီလိုလုပ်ထုံး လုပ်နည်းတွေရှိပါတယ်။ ဒါမျိုးပေါ့နော်။ အဲဒါကို ကျနော်တို့ဘက်ကနေပြီးတော့ သတင်းမီဒီယာ ကောင်စီကိုပို့မယ်။ သတင်းမီဒီယာကောင်စီကနေပြီးတော့ ဝန်ကြီးချုပ်ဆီကိုပို့မယ်။ ပြီးရင် ညှိမယ်။ နောက်ဆုံးကောက်ချက်က ဒါပဲပေါ့။”

အလဲဗင်းမီဒီယာဟာ သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) (င)(ဆ) (ဈ) ပါ သတင်းမီဒီယာသမားတဦးရဲ့ တာဝန်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က သတင်းမီဒီယာကောင်စီကို တိုင်ကြားထားပါတယ်။

သတင်း- ကျော်ဇေယျာဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013