ကချင်ပြည်နယ် ဖားကန့်မြို့တွင်း မော်ဝမ်းရပ်ကွက်မှာ မနေ့ ညနေပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ တာကြောင့် ၉ တန်းကျောင်းသူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရှိသွားခဲ့ ပါတယ်။
ဖားကန့်မြို့ နှစ်ခြင်းခရစ်ယာန်ဆရာတော် တပါးဖြစ်တဲ့ ဆရာနော်ဂျာက “မနေ့ည ၄ နာရီက မော်ဝမ်းရပ်ကွက်အတွင်း စဖြစ်တာ။ အစိုးရတပ်အချင်းချင်းဖြစ်တာလို့ ပြောတယ်။ အရပ်သား ၆ ယောက် ဒဏ်ရာရတယ်၊ ၉ တန်းကျောင်းသူ အသက် ၁၄ နှစ်အရွယ်တယောက် မနေ့က ၈ နာရီမှာ ဆုံးသွားတယ်။ ဘယ်သူထောင်ထားလည်း မသိဘူး မိုင်းတွေလည်း ကွဲတယ်။ တွေ့တွေ့ သမျှ အကုန်လိုက်ပစ်တယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူတွေထဲက ၄ ဦးဟာ အမျိုးသမီးတွေဖြစ်ပြီး လက်ရှိ ဖားကန့်ဆေးရုံမှာ ကုသမှု ခံယူနေရတယ်။
ဖားကန့်မှာ တာဝန်ကျတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) စစ်ကြောင်းမှူး ဦးလာတွဲက “ကျနော်တို့နဲ့ မဟုတ်ဘူး။ သူတို့အချင်းချင်း ပြဿနာဖြစ်တာ။ ဒီဘက်ကမ်းမှာတော့ ကျနော်တို့တပ် အဆင်သင့်လုပ်ထားတယ်။ ဒါပေမယ့် သူတို့လည်း မကျော်ဘူး၊ ကျနော်တို့လည်း မကျော်ခဲ့ဘူး။ ဒါပေမယ့် ကျနော်တို့ရှေ့မှာနေတဲ့ တပ်ဖွဲ့ ၁ ဖွဲ့က ဖားကန့်ဘက်ကို ဆုတ်သွားတဲ့ အခါ ပြည်သူတချို့ထွက်ပြေးတယ်။ ဆိုင်ရောင်းတဲ့ သူတွေ ထွက်ပြေးကြတယ်။ အဲဆိုင်မှာ ကျန်ခဲ့တဲ့ အရက်တွေ သောက်ပြီး မူးကြတော့ သူတို့ ရဲဘော်အချင်းချင်း ပြဿနာတက်ပြီး မိုင်းတလုံးပေါက်ကွဲ တယ်ပြောတယ်။ ကျနော်တို့ဆီက ပစ်တာထင်လို့ တောင် မြောက်၊ လျှောက်ပစ်တဲ့အခါ မနီးမဝေးမှာရှိတဲ့ တပ်ဖွဲ့နဲ့ သူတို့အချင်းချင်းဖြစ်ကြတာပါ” လို့ ပြောပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့နေရာဟာ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဘုရားကျောင်းနဲ့ နီးတဲ့အတွက် လက်နက်ကျည်ဆန်တွေ ကျရောက်ထိမှန်ခဲ့တာကြောင့် အခုလို အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာပါ။
ဖားကန့်မြို့ပေါ်မှာ မနေ့တုန်းက မိုးများပြီး ဥရုချောင်းရေမြင့်တက်မှုကြောင့် စစ်ပြေး ဒုက္ခသည်တွေ ဒုက္ခဖြစ်နေတဲ့ကြားက အခုလို မြို့ပေါ် တိုက်ပွဲတွေ ဖြစ်ပွားတဲ့ အတွက် မြို့ခံတွေရော စစ်ပြေးဒုက္ခသည်တွေပါ ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆရာနော်ဂျာက ပြောပါတယ်။
“မနေ့က ဒုက္ခသည်စခန်းကရော၊ ဘုရားကျောင်းထဲက ဒုက္ခသည်တွေရော အကုန်ထွက်ပြေးကြ တယ်။ ရပ်ကွက်မှာနေတဲ့လူတွေလည်း ထွက်ပြေးကြတယ်။ မနက်ပိုင်းကတော့ နည်းနည်းပြန်လာ တယ်။ မနေ့ကဆို ရေက ၁၅ ပေလောက်တက်သွားတယ်။ ရေကြောင့် ဒုက္ခဖြစ်ပါတယ်ဆိုမှ တိုက်ပွဲကဖြစ်လာတယ်။ တောက်လျှောက်ဒုက္ခရောက်တာတော့ ပြောလို့မဆုံးတော့ဘူး။ အခုလည်း ရေမဆေးရှာတဲ့သူတွေကို ဟိုဘက်ကမ်းက ပစ်တယ်ပြောတယ်၊ အခုပဲ သေနတ်သံကြားရတယ် ပြောတယ်။”
ဖားကန့် ကျောက်စိမ်းတွင်း ဒေသမှာ ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းက အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာတွေက စစ်ပြေးဒုက္ခသည် ၉ ထောင်လောက် ဖားကန့်မြို့ပေါ် လာရောက်ခိုလှုံခဲ့ကြရပါတယ်။










