Home
မြန်မာသတင်း
ပြည်တွင်းစစ်မီးငြိမ်းပါက တနှစ်အတွင်း သိသာစွာ ပြောင်းလဲနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ရွှေအောင်
·
January 10, 2019
ပြည်တွင်းစစ်မီးသာငြိမ်းသွားရင် သမ္မတပြောသလို ၁၀ နှစ်မဟုတ်ဘဲ တနှစ်အတွင်းမှာပဲ တိုင်းပြည်မှာ အပြောင်းအလဲတွေကို သိသိသာသာမြင်တွေ့ရမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဇန်န၀ါရီ ၁၀ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းမှာ ကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “ကျမတို့ နိုင်ငံတွင်းမှာဆိုရင် ငြိမ်းချမ်းရေးရမယ်ဆိုရင် သမ္မတကြီး မိန့်ဆိုခဲ့တဲ့အတိုင်းပဲ ဆယ်နှစ်အတွင်းတောင်မဟုတ်ဘူး။ ကျမတို့ဟာ တနှစ်အတွင်းတောင်မှ သိသိသာသာ အပြောင်းအလဲတွေကို မြင်ရလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။ တကယ့်ကို ပြည်တွင်းစစ်မီး အားလုံးငြိမ်းသွားပြီဆိုတာနဲ့ ငြိမ်းသွားပြီးတာနဲ့ ၁ နှစ်အတွင်းမှာ အပြောင်းအလဲတွေကို သိသိသာသာမြင်ရလိမ့်မယ်။” ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်နေ့ ကျရောက်တဲ့ ၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ သဝဏ်လွှာမှာ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားရင် ၁၀ နှစ်တာကာလအတွင်း အရှိန်အဟုန်နဲ့ ထူးထူးကဲကဲ တိုးတက်လာနိုင်တယ်လို့ ဖော်ပြထားတာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ကို ဇန်န၀ါရီ ၈ ရက်ကတည်းက ရောက်ရှိနေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လိုက်လံကြည့်ရှုပြီး ဒေသခံတွေနဲ့လည်း တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က ကျင်းပခဲ့တဲ့ ကချင်ပြည်နယ်ကောင်စီ ညီလာခံရဲ့ ပထမဆုံး အစည်းအဝေးမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ စတင်ဖွဲ့စည်းနိုင်ခဲ့တဲ့နေ့ကို ‘ကချင်ပြည်နယ်နေ့’ အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပလာတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024