DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် မေးမြန်း
DVB
·
September 14, 2012
လက်ပန်းတောင်းတောင်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် မေးမြန်း
Donate to DVB

ဆန္ဒပြပွဲတွေဖြစ်ပွားပြီး ဖမ်းဆီးတရားစွဲဆိုမှုတွေရှိနေတဲ့ လက်ပန်းတောင်းတောင် ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ဖုန်းဆက်မေးမြန်း လာတယ်လို့ ဒီကိစ္စကို ကြားဝင်ဆောင်ရွက်နေတဲ့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။

ဒီနေ့ ဒေါ်ခင်စန်းလှိုင်ဟာ ဖမ်းဆီးတရားစွဲဆိုခံရသူတွေ ပြန်လည်လွတ်မြောက်ရေးကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးနဲ့ ၁ နာရီကျော်ကြာ ဆွေးနွေးအပြီး မှာ ဒေါ်အောင်ဆန်းစုကြည်ဆီက တယ်လီဖုန်း ဆက်လာတာလို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“ဒေါ်စုက ပြောပါတယ်။ ဒီကိစ္စဘယ်လိုလဲတဲ့။ အဆင်ပြေရဲ့လားလို့ မေးတဲ့အတွက်ကြောင့်မို့ ဒီကိစ္စရပ်ပေါ်မှာ ဒေါ်စုသည် အင်မတန် စိတ်ဝင်စားတယ်။ နောက်တခုက ဒီကိစ္စရပ်ပေါ်မှာ ဒေါ်စုလည်း စိုးရိမ်ပူပန်မှု ရှိနေတယ် ဆိုတာတော့ သိသာပါတယ်။”
ဒေါ်ခင်စန်းလှိုင်က တိုင်းဝန်ကြီးချုပ် နဲ့ တွေ့စဉ်မှာ ဖမ်းဆီးခံထားရတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့နဲ့ ပတ်သက်တဲ့ သတင်းကောင်းကြားရပါစေမယ်လို့ ၀န်ကြီးချုပ်က ပြောလိုက်တယ် လို့ ပြောပြပါတယ်။

“ကျမက ၁၀ နာရီ ၁၅ က ၀န်ကြီးချုပ်နဲ့တွေ့ပါတယ်။ တွေ့တဲ့အခါကျတော့ ကျမက ဒီကလေးတွေ ပြန်လွှတ်ပေးမယ့် ကိစ္စနဲ့ ပတ်သက်လို့ ကျမအဓိကထားပြီးမေးပါ တယ်။ မေးတဲ့အခါကျတော့ သူက ကျမကို ပြောလိုက်တာကတော့ ဒီနေ့ပဲတဲ့။ အမြန်ဆုံးနဲ့ အကောင်းဆုံး သတင်းကို ကျမကို ပေးပါမယ်လို့ ပြောတော့ ကျမ အခု ၀န်ကြီးချုပ်ဆီက ပြန်လာမယ့် သတင်းကို စောင့်နေပါတယ်” လို့ မြန်မာစံတော်ချိန် ၂ နာရီ မိနစ် ၄၀ မှာ ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်ခင်စန်းလှိုင်ဟာ တိုင်းဝန်ကြီးချုပ်နဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့က ပြောင်းရွှေ့ခိုင်းတဲ့ရွာတွေနဲ့ အသစ်တည်တဲ့ရွာတွေကို သွားရောက်လေ့လာခဲ့ပြီး တွေ့ရှိချက်တွေကို ဒီနေ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး နဲ့ တွေ့စဉ်မှာ တင်ပြခဲ့တယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“မနေ့ကလည်း ၀န်ကြီးချုပ်ခွင့်ပြုချက်နဲ့ ပြောင်းရွှေ့ရတဲ့ရွာ ၄ ရွာနဲ့ ဦးပိုင်နဲ့ ကုမ္ပဏီက ဆောက်ပေးထားတဲ့ အိမ်သစ်တွေ ရှိတဲ့ရွာကိုလည်း ကျမတို့ ရောက်ခဲ့တယ်။ နောက်ပြီး မပြောင်းမရွှေ့ဘဲနဲ့ ရွာဟောင်းမှာကျန်ရစ်တဲ့ ပြည်သူလူထုတွေနဲ့လည်း မနေ့က တွေ့ခဲ့ရတယ်။”

“အဲတော့ ရွာသစ်မှာရှိတဲ့သူတွေရဲ့ လိုအပ်ချက်တွေ၊ အဆင်မပြေမှုတွေ၊ သူတို့တွေရဲ့ တောင်းဆိုမှုတွေလည်း ကျမတို့ ကြားခဲ့ရတယ်။ ရွာဟောင်းမှာကျန်ရစ်သူတွေရဲ့ လိုအပ်ချက်တွေ တောင်းဆိုချက်တွေလည်းပဲ ကြားခဲ့ရတယ်။ ဒီကိစ္စတွေအကုန်လုံးကို ၀န်ကြီးကို တင်ပြပေးလိုက်ပါတယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင်ကုမ္ပဏီတို့ တူးဖော်နေတာဖြစ်ပြီး ဒီစီမံကိန်းကို ရပ်တန့်ပေးဖို့ ရွာသားတွေက တောင်းဆိုနေသလို ရွာတွေအတင်းဖယ်ခိုင်းနေတာကိုလည်း လက်မခံဘဲ အန်တုဆန္ဒပြနေကြတာဖြစ်ပြီး ဖမ်းဆီးထားသူ အမျိုးသမီး ၁၂ ဦးအနက် ၃ ဦးကို တရားစွဲပြီး ကျန်သူတွေကို ပြန်လွှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013