DVB Logo
Home
မြန်မာသတင်း
စင်ပြိုင်အစိုးရ တရားဝင်ဖျက်သိမ်း
DVB
·
September 14, 2012
စင်ပြိုင်အစိုးရ တရားဝင်ဖျက်သိမ်း
Donate to DVB

စင်ပြိုင်အစိုးရအဖြစ် ဆယ်စုနှစ် ၂ ခုကျော်ကြာ ရပ်တည်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) အဖွဲ့ကို ဖျက်သိမ်းလိုက်တယ်လို့ ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အခုလဆန်းပိုင်းမှာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အများစုရဲ့ သဘောတူညီချက်နဲ့ အန်စီဂျီယူဘီအဖွဲ့ကို ဖျက်သိမ်းခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို စင်ပြိုင်အစိုးရအဖွဲ့ကို ဖျက်သိမ်းပစ်လိုက်ခြင်းအားဖြင့် ပြည်တွင်း နိုင်ငံရေးအပြောင်းအလဲကို အထောက်အကူဖြစ်စေနိုင်လိမ့်မယ်လို့ အန်စီဂျီယူဘီ နိုင်ငံခြားရေးဝန်ကြီး နဲ့ ပြောရေးဆိုခွင့် ရှိသူအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဘိုလှတင့်က ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်မှာ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အားလုံးပါဝင်ပတ်သက်သင့်တဲ့သူတွေ ပါဝင်နိုင်တဲ့ ကျယ်ပြန့်တဲ့ အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ် မပေါ်ထွန်းလာသေးဘူး။ သို့သော်လည်း အစဉ်အမြဲ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဦးထိပ်ထားတဲ့အတွက် အဲရွေးကောက်ပွဲ ရလဒ်ပိုင်ရှင်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သော်လည်းကောင်း ပြည်တွင်းမှာရွေးကောက်ပွဲ ပြန်ဝင်တယ်၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်တင်ကြတယ်။ ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲကိုယ်စားလှယ်တွေ ကိုယ်တိုင်ကိုက ကြားဖြတ်ရွေးကောက်ပွဲ ပြန်ဝင်ပြီးတော့ လွှတ်တော်ပြန်တက်နေကြတယ်။

“တချိန်တည်းမှာပဲ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း မီဒီယာနဲ့ဖြစ်စေ၊ ပြည်တွင်းပြည်ပပေါ့ လွတ်လွတ်လပ်လပ် လှုပ်ရှားပြောဆိုလာနိုင်တဲ့အခါကြတော့ ကျနော်တို့ ရည်မှန်းချက်တွေ အပြည့်အ၀မရသေးပေမယ့်လို့ ဒီလိုအနေအထားအမျိုးမှာ ကျနော်တို့အစိုးရအဖွဲ့ကို ဖျက်သိမ်းပေးလိုက်ပေးခြင်း အားဖြင့် ဒီနေ့တိုင်းပြည်မှာ မရှိမဖြစ်လိုအပ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့ ကြိုးပမ်းနေမှုတွေ၊ အားလုံးပါဝင်ပတ်သက်သင့်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်တဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ပေါ်ထွန်းလာရေး ကြိုးပမ်းမှုတွေအားလုံး အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်လို့ ဖျက်သိမ်းလိုက်တာပါ။”

အန်စီဂျီယူဘီအဖွဲ့ကို  ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နိုင်ဖို့ လွတ်မြောက်နယ်မြေနဲ့ ပြည်ပကို ထွက်ခွာလာခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီတွေနဲ့ တသီးပုဂ္ဂလ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ မာနယ်ပလောဌာနချုပ်မှာ ၁၉၉၀ ဒီဇင်ဘာ ၁၈ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။

ဒီအဖွဲ့ကို ဒေါက်တာစိန်ဝင်းက ၀န်ကြီးချုပ်အဖြစ် ခေါင်းဆောင်ပြီး ၀ါရှင်တန်မှာ အခြေစိုက်ကာ မြန်မာ့ဒီမိုကရေစီရေး စည်းရုံးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာပါ။

စင်ပြိုင်အစိုးရရဲ့ အနှစ် ၂၀ ကျော်ကာလအတွင်းမှာ  ချို့ယွင်းအားနည်းချက်တွေ ရှိပေမယ့် မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထိ ရောက်အောင် ကြိုးပမ်းနိုင်ခဲ့တယ် လို့ ဦးဘိုလှတင့်က ပြောပါတယ်။

အန်စီဂျီယူဘီအဖွဲ့ ဖျက်သိမ်းလိုက်တဲ့အပေါ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးဝင်းတင်က အခုလို သဘောထားမှတ်ချက်ပေးပါတယ်။

“ဘာပဲပြောပြော ညွန့်ပေါင်းအစိုးရဆိုတာ သမိုင်းတခေတ်ရဲ့ တာဝန်၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်ခဲ့တယ်လို့ ဂုဏ်ပြုစကားပြောကြား လိုပါတယ်။ နောက်တခုက ဒီအဖွဲ့အစည်းဟာ သူတို့ဘာသာ သူတို့ထွက်ပြေးပြီး ကိုယ့်ဘာသာ နန်းတင်တဲ့ အစိုးရမဟုတ်ဘူး။ သူတို့မှာပါသွားတဲ့ ပြည်သူကရွေးချယ် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ၊ ၁၉၉၀ ရွေးကောက်ပွဲက ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားတွေ နဲ့ ပြည်ပရောက်ဒီမိုကရေစီအင်အားစုတွေ အားလုံးရဲ့ တင်ပြမှုကိုခံရတဲ့ အစိုးရအဖွဲ့ဖြစ်တဲ့အတွက် ဒီအစိုးရဟာ သမိုင်းမှာ လူလေးစားခံရတဲ့၊ မှတ်တမ်းတင်ခံရမယ့် အစိုးရဖြစ်တယ် လို့ ပြောချင်ပါတယ်။ ဒီအချိန်မှာ ဖျက်သိမ်းတယ်ဆိုတာနဲ့ ပတ်သက်လို့ ထွေထွေ ထူးထူးမပြောချင်ဘူး။ ဖျက်သိမ်းချက်ဟာ အများရဲ့ဆန္ဒနဲ့အညီ၊ အားလုံးဆန္ဒနဲ့အညီ ဖျက်သိမ်းခြင်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်မြတ်တယ် လို့ ပြောချင် ပါတယ်။”

အန်စီဂျီယူဘီ အဖွဲ့မရှိတော့ပေမယ့် ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာတဲ့အထိ တိုင်းရင်းသားလူမျိုးပေါင်းစုံ အပါအ၀င် ဒီမိုကရေစီအင်အားစုတွေနဲ့ တတ်နိုင်တဲ့ ကဏ္ဍကနေ ပါဝင်ပူးပေါင်းဆောင်ရွက်သွားမယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013