DVB Logo
Home
Lead Story
ဒေါက်တာဂျပ်ဆင်၊ အဝလက်မရွံ့ထောင်နဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် (သုတကဖေး)
DVB
·
January 9, 2019
ဒေါက်တာဂျပ်ဆင်၊ အဝလက်မရွံ့ထောင်နဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် (သုတကဖေး)
Donate to DVB

အင်းဝကို ဒီတကြိမ်ရောက်တာက သာသနာပြုရေးနဲ့ မဆိုင်။ အင်္ဂလိပ်အစိုးရ ခိုင်းစေချက်ကြောင့် ရောက်ခဲ့တာ။ ဖြစ်နိုင်ရင်တော့ အင်းဝနဲ့ မပတ်သက်ချင်တော့။ အင်းဝသည် သူ့ဘဝအတွက် ကံဆိုးမှုတို့သာ ပေးခဲ့သည်ပဲ။ အခုလည်း အင်းဝက သူ့ကို ဘယ်လိုကံကြမ္မာ ပေးဦးမည်မသိ။ အမှုကိစ္စဆောင်ရွက်လို့ မပြီးခင်မှာပဲ သူ့ဇနီး အန်းဟေဇယ်တိုင် ဆုံးပြီဆိုတဲ့ သတင်းဆိုး ရောက်လာလေရဲ့။ “ဘုရားသခင်အလိုအရ” လို့ ဆိုပေမယ့် ဆင်းရဲဒုက္ခမျိုးစုံကို အတူတွဲ ရင်ဆိုင်ခဲ့ရတဲ့ လက်တွဲဖော်တွေပဲ မဟုတ်လား။ ခံစားရမယ်ဆိုလည်း ခံစားသင့်တာပဲလေ။

၁၈၂၄ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင်း သူနဲ့အတူ ဒေါက်တာပရိုက်တို့ နိုင်ငံခြားသားတစု ဘကြီးတော်ရဲ့ ကြေးတိုက်ထဲမှာ သူလျှိုအမှုနဲ့ စွပ်စွဲလို့ ကာလအတန်ကြာ ဒုက္ခခံခဲ့ရစဉ်ကလည်း ဇနီးသည် အန်းရဲ့ အကူအညီများစွာ ယူခဲ့ရတယ်။ သူ့ကျေးဇူးနဲ့ပဲ လက်မရွံ့ထောင်ကနေ အောင်ပင်လယ်ထောင် ပြောင်းရွှေ့ အချုပ်ခံရတယ်။ အနည်းငယ်သက်သာခွင့်တော့ ရခဲ့ပါရဲ့။ စိတ်ထဲမကောင်းဆုံးကတော့ “သမီးလေး မေရီအဲလစ်ဇဘက်” ကို လက်မရွံ့ထောင်မှာရှိစဉ် မွေးဖွားခဲ့ခြင်းပါပဲ။ မိဝေးဖဝေး ရပ်ဝေးတနေရာမှာ လင်ယောက်ျား ရာဇဝတ်သင့်နေချိန်မှာ မီးဖွားရတဲ့ဒုက္ခ။ ဘယ်လောက်အားငယ်ရှာလေမလဲလို့ အကြိမ်ကြိမ် စဉ်းစားမိတိုင်း စိတ်မကောင်း ဖြစ်ခဲ့ရတယ်။

မြန်မာပြည်ရောက်လာခဲ့တဲ့ သာသနာပြုလုပ်ငန်းအစကို ပြန်တွက်ဆကြည့်တော့ ၁၈၁၃ ခုနှစ်မှာ မထင်မှတ်ဘဲ ရောက်ခဲ့ရတာ။ ဒုက္ခတွေ မျှဝေခံစားမယ် ဆိုပေမယ့် အစပိုင်းမှာတော့ အစစ အဆင်ချောခဲ့ပါတယ်။ မြန်မာစာကို ဆရာဦးအောင်မင်းထံမှာ သင်ကြားခဲ့တော့လည်း သူ့အကူအညီ များစွာရခဲ့တယ်။ ပါဠိစာကို ဆရာဦးရွှေငုံထံ သင်တော့လည်း ဒီလိုပဲ သူ့အကူအညီ ရခဲ့တာပဲ။ ၁၈၁၆ ခုနှစ် မြန်မာသဒ္ဒါကျမ်းတစောင် ပြုစုတော့လည်း “အန်း” များစွာကူခဲ့တာပါ။ အဆုံးစွန်ဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကျမ်းစာ မြန်မာပြန်သည်ပင် အင်းဝလက်မရွံ့ထောင်တွင်းမှာ ပြုစုစဉ်ကလည်း သူပဲ အထောက်အပံ့ပြုခဲ့တာ။ သူ့အထောက်အပံ့သာ မရခဲ့ရင် ဒီစာအုပ်ဟာ လက်မရွံ့တို့ရဲ့ လက်ချက်နဲ့ အဟောသိကံ ဖြစ်သွားနိုင်တယ်။ ဒါကြောင့်လည်း သူ ထောင်ကထွက်ပြီးတာနဲ့ ၁၈၂၆ ထဲမှာ “အဘိဓာန်ငယ်” ကို ပုံနှိပ်နိုင်ခဲ့တယ်။

အင်းဝ လက်မရွံ့ထောင်မှာ ၁၁ လနဲ့ အောင်ပင်လယ်ထောင်မှာ ၆ လ နေထိုင်ခဲ့ရတဲ့ ကာလအတွင်း “အန်း” ရဲ့ နေ့စဉ်ပေးပို့တဲ့ အစားအစာတွေနဲ့ အသက်ဆက်ခဲ့ရတာပါ။ သမီးလေး အယ်လစ်ဇဘက် လသားအရွယ်မှာ လက်မရွံ့ထောင်ထဲ ခေါ်လာပြလို့ မြင်ခွင့်ရခဲ့ပါတယ်။ တကယ့်ချစ်စရာ သမီးလေးပေါ့။ သမီးလေးရဲ့ ဇာတာကြောင့်ပဲလား၊ မြန်မာမိတ်ဆွေတွေဖြစ်တဲ့ မက္ခရာမင်းသားကြီး၊ မြဝတီမင်း ဦးစနဲ့ ဝန်ကြီး ဦးရွှေလူတို့ မစမှုလား။ အန်းရဲ့ စက်ချုပ်သင်တန်းနဲ့ အရေးအဖတ် သင်ကြားမှုရဲ့ ကျေးဇူးပေပဲလားမသိ။ မကြာမီမှာပဲ အောင်ပင်လယ်ထောင်က ထုတ်ပြီး ရန္တပိုစာချုပ်အတွက် စကားပြန် လုပ်ပေးရတယ်။ နောက်မှသိရတာက ဝန်ကြီးဦးရွှေလူက ရတဲ့အခွင့်အရေးကို အသုံးချပြီး ခေါ်ထုတ်ခဲ့တာဆိုပဲ။ အင်္ဂလိပ်တို့ရဲ့ ပြောစကားအားလုံးကို “အန်း” ကပဲ မှတ်တမ်းတင် ရေးမှတ်ပြုစုပြီး ကူညီခဲ့တာပဲလေ။ ဒါတွေလုပ်ဆောင်ပြီးတာနဲ့ အင်္ဂလိပ်ပိုင် ကျိုက္ခမီ (အမ်းဟတ်မြို့၊ အင်္ဂလိပ်အခေါ်) ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။

“အန်း” က အဝနေပြည်တော်မှာ ရှိစဉ်ကတည်းက ချို့တဲ့ခဲ့တဲ့ ကျန်းမာရေးဟာ ကျိုက္ခမီရောက်တော့လည်း မသက်သာခဲ့ပါဘူး။ ဒီတကြိမ် အဝနေပြည်တော်ကို လာခဲ့ရပေမယ့် သူ့ကျန်းမာရေးအတွက် စိုးရိမ်ခဲ့တာ အမှန်ပါ။ အခုတော့ စိုးရိမ်တဲ့အတိုင်း ဖြစ်ခဲ့ပြီပဲ။ အန်း ဆုံးပြီ။ သမီးလေး မာရီယာ ဘယ်လိုရှိနေပါလိမ့်မယ်။ ဒီသောကတွေနဲ့ပဲ ကျိုက္ခမီကို ပြန်ခဲ့ရပြန်ပြီ။ အဝကမထွက်ခွာမီ နောက်ဆုံးအနေနဲ့ မယ်နုအုတ်ကျောင်းရဲ့ အနောက်တောင်ဘက်က လက်မရွံ့ ထောင်ကိုတော့ နာကြည်းစိတ်နဲ့ ငဲ့စောင်းလို့ ကြည့်ခဲ့ပါသေးတယ်။ ဒါဟာ နောက်ဆုံးနှုတ်ဆက်ခြင်း ဖြစ်မယ်လို့ ဘယ်ထင်ပါ့မလဲလေ။ ဇနီးသည်သေဆုံးလို့မှ လပိုင်းပဲရှိသေးတယ်။ ၁၈၂၇ ထဲမှာ သမီးလေး မာရီယာလည်း မိခင်နောက် လိုက်သွားပြန်ပြီ။ ဒီကြားထဲ ဒေါက်တာဂျပ်ဆင် အားထုတ်ခဲ့သမျှ ကြည့်ရင်..။ ရှင်မဿဲခရစ်ဝင်လည်း ပြန်လို့ပြီးပြီ။ ဓမ္မသစ်သမ္မာကျမ်းစာလည်း ဂရိကတဆင့် ပြန်ဆိုနိုင်ခဲ့သလို ဓမ္မဟောင်းလည်း ပြန်ဆိုနိုင်ခဲ့တယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်ငယ်တစောင်လည်း ပြုစုလို့ပြီးပြီ။

ခရစ်ယန်သာသနာပြုတာကိုတော့ ၁၉၁၉ ခုနှစ်မှ စတင်နိုင်ခဲ့တာပါ။ အဘိဓာန်လုပ်ငန်း ဆိုတာကတော့ သာသနာပြုရေးနဲ့ မဆိုင်ပေမယ့် သူ့အားထုတ်ချက်တခု ဖြစ်ခဲ့ပါတယ်။ ဒုတိယဇနီးသည် သေဆုံးချိန်အထိလည်း အဘိဓာန်ကြီးကိုတော့ တည်းဖြတ်ပြုပြင်နေဆဲပါ။ အစပိုင်းမှာ အင်္ဂလိပ်-မြန်မာနဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်နှစ်အုပ်စလုံးကို တပြိုင်တည်း တပေါင်းတည်း ထုတ်ဖို့ပါပဲ။ မထုတ်ဝေမီ နောက်ဆုံးတည်းဖြတ်မှုကို အဝနေပြည်တော်က မြန်မာပညာရှိတွေနဲ့ ဆွေးနွေးပြုပြင် တည်းဖြတ်ဖို့ပါပဲ။ ဒါပေမယ့် ငွေကြေးအခြေအနေက မပေးလေတော့ ဒီအခွင့်အရေး ဆုံးရှုံးလိုက်ရတယ်။ ဒါကြောင့် ဦးစွာ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ၁၈၄၉ ထဲမှာ စတင်ထုတ်ဝေလိုက်ရတယ်။ ဆိုးဝါးလွန်းတဲ့ ကျန်းမာရေးကို အံတုရင်း မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို ပြုစုနေခိုက် ကျန်းမာရေးအခြေနေ သိပ်ဆိုးလာတဲ့အတွက် ၁၈၅၀ ထဲမှာ ဆေးကုသဖို့ သင်္ဘောစီးသွားရင်း ခရစ်တော်ထံပါးမှာ အိပ်စက်အနားယူသွားခဲ့ပါပြီ။

မြန်မာ-အင်္ဂလိပ် အဘိဓာန်ကတော့ ၁၉၅၂ ခုနှစ်မှ ပုံနှိပ်ဖြန့်ဝေနိုင်ခဲ့တာပါ။

ဆရာဋ္ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013