ဓာတ်ဆီဈေးကျနေသော်လည်း ခရီးသည်တင်ယာဉ်စီးခများမကျသေး
မင်းညို
·
January 8, 2019
ပြည်တွင်းမှာ ဓာတ်ဆီဈေးနှုန်းတွေ ကျဆင်းနေပေမယ့် ဒီဇယ်နဲ့ တခြားဆက်စပ်ပစ္စည်းတွေ ဈေးမကျတာကြောင့် ကားခတွေဈေးလျှော့ပေးလို့ မရနိုင်သေးဘူးလို့ ပြည်ခရိုင် ယာဉ်လုပ်ငန်း တာဝန်ရှိသူတွေက ပြောပါတယ်။
အခုရက်ပိုင်းတွေ အတွင်းမှာ ဓာတ်ဆီဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းလာခဲ့ပေမယ့် ကားခဈေးက ကျဆင်းသွားခြင်း မရှိတာနဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားမှုတွေနဲ့ ပတ်သက်ပြီး ကားနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေဈေးမကျတာကြောင့် ဈေးလျှော့ပေးလို့မရသေးဘူးလို့ ပြည်ခရိုင် ယာဉ်လုပ်ငန်း ကြီးကြပ်မှုကော်မတီမှ ဦးဘုန်းမြင့် က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ဓာတ်ဆီဈေး အဆမတန်မြင့်တက်လာမှုကြောင့် နိုင်ငံအနှံအပြားမှာ လိုင်းဝင်ပြေးဆွဲနေတဲ့ ကားလိုင်းတွေက လက်မှတ်ခတွေ မြှင့်တက်လိုက်ကြပါတယ်။
အခု ဓာတ်ဆီဈေးကျပေမယ့် ခရီးသည်တင်လိုင်းကားအများစုက ဒီဇယ်ကားတွေ ဖြစ်တာကြောင့် ကားခလျှော့ပေးဖို့မဖြစ်နိုင်သေးဘူးလို့လည်း ASIA ကားဂိတ် ယာဉ်လိုင်းပိုင်ရှင် ဦးကျော်လွင် ကပြောပါတယ်။
အခုရက်ပိုင်းမှာ ဒေါ်လာဈေး ပြန်လည်ကျဆင်းပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးတွေ လည်း အကုန်ကျဆင်းနေပါတယ်။
ပြည်မြို့ အဝေးပြေးကားဝင်းထဲကနေ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတွေကို တိုက်ရိုက်ပြေးဆွဲ နေတဲ့ ကားလိုင်းပေါင်း ၆၀ ကျော်ရှိပြီး အဲဒီကားတွေအားလုံးပြီးခဲ့တဲ့ ၂၀၁၈ ခု စက်တင်ဘာ ကစပြီး နဂိုဈေးနှုန်းကနေ ကျပ် ၁၀၀၀ ကနေ ကျပ်၃၀၀၀ အထိ တိုးမြှင့်ထားကြပါတယ်။
ဒါ့အပြင် မြို့တွင်းပတ်ယာဉ်လိုင်း ၅ လိုင်းကလည်း နဂိုဈေးထက် ၁၀၀ ကျပ် တိုးကောက် ထားကြပါတယ်။ အဲဒီတုန်းကတော့ ဓာတ်ဆီတလီတာကို ကျပ် ၁၁၀၀နဲ့ အထက်ရှိနေပြီး အခု ဇန်န၀ါရီလဆန်းပိုင်းမှာတော့ ဓာတ်ဆီ တလီတာကို ကျပ် ၇၇၀ အထိ ဈေးကျနေပါတယ်။