DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်း လဲချားဒေသတွင် ပအိုဝ်းပြည်သူ့စစ်က အခွန်ကောက်ခံ
DVB
·
September 13, 2012
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် နမ့်တိန်းချောင်း အနောက်ဘက်ခြမ်းဒေသက ကျေးရွာအုပ်စုတွေမှာ လွယ်ခယ်အခြေစိုက် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က ၃ လ တကြိမ် အခွန်ငွေ ကောက်ခံနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဟတ်လီ၊ နားမန်း၊ ပုန်တိုက်၊ နမ့်တုတ် စတဲ့ကျေးရွာအုပ်စုတွေမှာ အိမ်ထောင်စုရဲ့ စီးပွားရေး အခြေအနေပေါ်မူတည်ပြီး ချောင်လည်ရင် တအိမ်ကို ကျပ် ၁၅၀၀၀၊ လူလတ်တန်းစား ၁၃၀၀၀၊ ဆင်းရဲသား အိမ်ဆိုရင် ၇၀၀၀နဲ့ အိမ်မှာလူမနေဘဲ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေရင် ၁ နှစ်ကို ကျပ် ၆ သောင်း ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ပုန်တိုက်ကျေးရွာအုပ်စု ကျပ် ၁၆ သိန်းကျော်၊ နားမန်းအုပ်စုက ၁၅ သိန်းကျော်နဲ့ ဟတ်လီအုပ်စုက ၁၀ သိန်းနီးပါး ပေးခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် မီးစက်အကူငွေ၊ စက်သုံးဆီအကူငွေဆိုပြီး ကောက်ခံတာတွေလည်း မကြာခဏ ကောက်ခံနေတယ်လို့ ပြောပါတယ်။

တောသူတောင်သား အများစုဖြစ်တဲ့ ဒေသခံတွေဟာ သီးနှံပေါ်ချိန်မှသာ ငွေကိုင်ရပေမယ့်  မပေးရင် ဖမ်းဆီးနှိပ်စက်ခံရတာတွေ ရှိဖူးလို့ ငွေတိုးနဲ့ ချေးငှားပြီး   ပေးနေရတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လဲချားမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဦးစိုင်းမွန်းက “ကျနော်တို့ဆီ တရားဝင် ရောက်ရှိမလာသေးတဲ့အတွက် တရားဝင်ဖြေရှင်းဖို့က သက်သေအထောက်အထားဆိုတာ လိုအပ်တာပေါ့ဗျာ။ တကယ်လို့ သက်သေအထောက်အထားတွေ အပြည့်အစုံရောက်လာရင် သက်ဆိုင်ရာ အပိုင်းလိုက် တွေ့ဆုံဆွေးနွေးမှု၊ တင်ပြမှု၊ စသဖြင့်ပေါ့ ကြားထဲကနေ ဆောင်ရွက်ပေးသွားမှာပါ” လို့ ပြောပါတယ်။

နမ့်တိန်းချောင်းအရှေ့ဘက်က ကျေးရွာတွေမှာ ဒီနှစ်ဆန်းပိုင်းက ရှမ်းပြည်သူ့စစ်က အတင်းအကျပ် စုဆောင်းတဲ့ကိစ္စနဲ့ ရွာသားတွေ နှိပ်စက် သတ်ဖြတ်ခံရတဲ့ ကိစ္စကိုတော့ လာရောက်တိုင်ကြားမှု ရှိတဲ့အတွက် ရပခတိုင်းမှူးထိ ဆက်လက် တင်ပြပေးပြီး အေးဆေးငြိမ်သက်သွားပြီလို့ ပြောပါတယ်။
အစိုးရသစ် ပြုပြင်ပြောင်းလဲရေးကာလမှာ အဖွဲ့အစည်းတွေအနေနဲ့ အရင်လို   ပြည်သူဆီက ကောက်ခံ၊ ခိုင်းစေတဲ့ အနေအထားတွေကနေ ပြည်သူကို ကူညီပံ့ပိုးပေးတဲ့ အဖွဲ့တွေအဖြစ်ကို ပြောင်းလဲသင့်ပြီလို့ ဦးစိုင်းမွန်းက  ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013