ထိုင်းနိုင်ငံတ၀ှမ်းမှာ စက်တင်ဘာ ၁၃ ရက်ကစပြီး ၁၇ ရက်နေ့အထိ နေရာအနှံ့အပြား ရွာသွန်းမယ့် မိုးကြောင့် ဖြစ်လာနိုင်တဲ့ ရေကြီးမှုတွေအတွက် ပြင်ဆင်ထားဖို့ သဘာဝဘေး အန္တရယ် ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
တောင်ပေါ် ဒေသတွေမှာ နေထိုင်ထားတဲ့လူတွေက မိုးကြီးတာကြောင့် ဖြစ်ပေါ် လာတဲ့ တောင်ကျရေ နဲ့ မြေပြိုတာတွေကို ပြင်ဆင်ထားဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချောက်ဖရား ဆည်အောက်မှာ နေထိုင်တဲ့ ခရိုင် ၄ ခုဖြစ်တဲ့ ချင်းနတ်၊ ဆင်းဘူရီ၊ အောင်သောင်၊ အယုဒ္ဒယတွေမှာ ရေကြီးနိုင်တဲ့ သတိပေးချက်တွေကို တော်ဝင် ဆည်မြောင်းဌာနကလည်း ထုတ်ပြန်ထားပြီး ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အမြင့်ကို ပြောင်းရွှေ့ထားဖို့လည်း ထုတ်ပြန်ထား ပါတယ်။
ချောက်ဖရား ဆည်ကလည်း နောက် ၅ ရက်မှာ မိုးသည်းထန်နိုင်တာကြောင့် ၁ စက္ကန့်ကို ရေ ၁၈၀၀ကနေ ၂၀၀၀ ကုဗစင်တီမီတာအထိ ထုတ်နေတဲ့အတွက် ရေက ၂၅ ကနေ ၅၀ စင်တီမီတာအထိ တက်နေတယ်လို့ဆိုပါတယ်။
ဘန်ကောက် ချောက်ဖရားမြစ်ဘေးက ကမ်းပါး မရှိဘဲ နေထိုင်နေတဲ့ အိမ်ထောင်စု ၁၂၀၀ ကိုလည်း ရေကြီးနိုင်တဲ့အတွက် သတိပေးတာတွေ ရှိနေပါတယ်။ ရေကြီးနေတဲ့ ဆူခိုထိုင်းမှာ ပြန်ကျနေပြီလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။